မော်လမြိုင် ၊ မတ် (၁၄)မွန်ပြည်နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် နေလှန်ဆားကွင်း အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ဆောင်းရာသီစိုက်ပျိုးသီးနှံတွေ ဖြစ်တဲ့ ပဲနဲ့ပြောင်းခင်းတွေမှာလည်း ထိခိုက်ပျက်စီးမှု များပြားခဲ့တယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့ ညပိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်ခဲ့တာကြောင့် ဆားကွင်းတွေအတွင်း ရေဝင်ရောက်မှုတွေ ရှိခဲ့သလို ရိတ်သိမ်းထားတဲ့ ပဲတွေဟာလည်း မိုးရေတွေကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ပြောင်းခင်းတွေမှာလည်း လေပြင်းတိုက်ခတ်မှုတွေကြောင့် အပင်တွေကျိုးပြီး ပျက်စီးတာတွေ ရှိခဲ့တာပါ။

ဆားတောင်သူတစ်ဦးကတော့ ဆားကွင်းဖျက်မိုးကြောင့် ဆားပိဿာချိန် သောင်းနဲ့ချီ ဆုံးရှုံးခဲ့ပြီး ဆားပြန် ထုတ်နိုင်ဖို့ အနည်းဆုံး ရက် ၂၀ ဝန်းကျင်လောက် အချိန်ပြန်ယူတော့မယ်လို့ ဆိုပါတယ်။

“မနှစ်က ဒီအချိန်လောက်ဆိုရင် ကျွန်တော်တို့ဆား ပုံမှန်ထွက်နေတဲ့ ဆားကုန်ချိန် (၃)သိန်းပေါ့။ အခုဒီနှစ်က (၂)သိန်းတောင် မပြည့်ဘူး။ (၁)သိန်းနဲ့ (၈)သောင်း လောက်ပဲ ရှိသေးတယ်ဗျ။ ဆားတောင်သူတွေအတွက်က နောက်ကျသွားတဲ့ အခါကျတော့ ဒီလိုမျိုးမိုးဖျက်လေ ဆားတောင်သူတွေ ဒုက္ခရောက်လေ။ ဆုံးရှုံးမှုက ပိုများ လေပေါ့လေ။ နောက်အချိန်ကို ပြန်စောင့်ဖို့ ကျွန်တော်တို့ အချိန် ရက်(၂၀)လောက် (၁၅)ရက်လောက်တော့ အချိန်ပြန်ပေးရသေးတယ်။ နေကောင်းကောင်းပူမှ၊ ဒီလိုမျိုးသာ မိုးကဆက်အုံ့နေမယ်ဆိုရင် ကျွန်တော်တို့ သည် ဆားလုပ်ဖို့ အတွက် အချိန်ကတော်တော်လေး နောက်ကျသွားမယ်။ ဆုံးရှုံးမှုက တဖြည်းဖြည်းနဲ့ ပိုများလာမယ်၊ ကျွန်တော်တို့ ထွက်နှုန်းကလည်းပိုပြီး လျော့ကျလာမယ်”လို့ ဆိုပါတယ်။

ဆားကွင်းဖျက်မိုးကြောင့် ဆားထုတ်လုပ်မှုများတဲ့ ဆားကွင်းတစ်ကွင်းလျှင် အနည်းဆုံး ကျပ်သိန်း ၁၀၀ လောက် အရှုံးပေါ်နိုင်ပြီး လုပ်ငန်းပြန်စဖို့အတွက် ငွေကြေးအရင်းအနှီးတွေ အခက်အခဲရှိနေကြတယ်လို့ ဆားတောင်သူတွေထံကနေ သိရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်တာကာလအတွင်း ရာသီဥတုဖျက်မိုး အပါအဝင် အထွေထွေကုန်ကျ စရိတ်ကြီးမြင့်နေတဲ့ ဆားတောင်သူတွေဟာ ဒီနှစ်ဆားရာသီမှာလည်း ဆားကွင်းဖျက်မိုးကို ထပ်မံကြုံတွေ့ခဲ့ရတာ ဖြစ်ပါ တယ်။

ဒါ့အပြင် အချိန်အခါမဟုတ် မိုးရွာသွန်းတဲ့အတွက် ရိတ်သိမ်းထားတဲ့ ပဲတွေမိုးရေထိခဲ့တဲ့အတွက် ဈေးကောင်း ရရှိမှာ မဟုတ်တော့သလို ပြောင်းတွေမှာပဲလည်း လေပြင်းတိုက်ခတ်မှုကြောင့် အရှုံး ပေါ်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

“နုတ်ပြီးပုံထားတဲ့လူ တကယ်လို့ မိုးဆက်ရွာရင်တော့ သွားပြီပေါ့။ ပဲတီလိုမျိုးပဲ သူလည်း ပေါက်လွယ်တာပဲ၊ ပဲတီက ပိုဆိုးတာပေါ့။ ပဲတီကုန်သွားတာကြာပြီ။ မတ်ပဲတစ်မျိုးပဲ ကျန်တော့တယ်။ ပေါက်လွယ်တော့ ပွဲစားက သူတို့ကသိပ်မကြိုက်ဘူး။ ဈေးလျော့ပြီးတော့ ဝယ်တာပေါ့။ အခုမိုးရွာတော့ ပြောင်းတွေကမနည်းဘူး။ အခုက စားပြောင်းတွေက တော်တော်လေးကို အကုန်လုံး ပြားသွားတယ်။ အပင်တွေကတော့ တစ်တောင်ကျော်တွေ။ ခါးလောက်နေရာတွေ အကုန်လုံးက မနည်းပျက် စီးတယ် ဒီမှာ။ မိုးက ကိစ္စမရှိဘူး။ ညက လေတိုက်တာ တော်တော်ပြင်းတယ်၊ ပြောင်းတွေအကုန်လုံး လယ်သမားတွေ တော်တော်လေးကို အဆုံးရှုံးပေါ်မယ်။ လေပြန်ထိတော့ ညကတစ်ကွင်းလုံးနီးနီး ဖိမိသလို ပြောင်းတွေ ပြားသွားတာ။ အပင်ငယ်တော့ နည်းနည်း သက်သာတာပေါ့၊ အပင်ကြီးသမားတွေ ရှုံးတာပေါ့၊ လုံးလုံးရှုံးတာပေါ့”လို့ ဆိုပါတယ်။

အခုလို ရာသီဥတု ဖောက်ပြန်ပြီး အချိန်အခါမဟုတ် မိုးရွာသွန်းတာကြောင့် ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်း တွေအပါအဝင် ပဲနဲ့ ပြောင်းစိုက်တောင်သူတွေပါ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရသလို ဆက် လက်ပြီး မိုးရွာသွန်းနိုင်တဲ့ အခြေအနေတွေ ရှိတာကြောင့်လည်း ဆုံးရှုံးမှု ပိုလာနိုင်တယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ နေလှန်ဆားလုပ်ငန်းအနေနဲ့ ဆားကွင်းဧကပေါင်း (၄၂၀၀)ကျော်ရှိပြီး နှစ်စဉ် ဆားတန်ချိန် (၄၀၀၀၀)ကျော် ထွက်ရှိရာမှ ပြီးခဲ့တဲ့ နှစ်တွေက ဆားကွင်းဖျက်မိုးကြောင့် ဆားတန်ချိန် (၂၀၀၀၀)လောက်သာ ထွက်ရှိခဲ့တာပါ။ပဲနဲ့ ပြောင်းစိုက်ပျိုးမှုအနေနဲ့လည်း ဧကပေါင်း (၁၇၀,၀၀၀)ကျော် ရှိကာ နှစ်စဉ်ပဲမျိုးစုံ တန်ချိန် (၂၀၀၀၀) ဝန်းကျင် ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.