မုဒုံ၊ မတ် (၁၄)
လာမယ့် ပညာသင်နှစ်ကစပြီး စစ်ကောင်စီ ခွင့်ပြုချက်နဲ့ မွန်ကျေးရွာတွေအတွင်းရှိ အစိုးရစာသင် ကျောင်းတွေမှာ ကျောင်းချိန်တွင်း မွန်စာသင်ကြားခွင့်ရမယ့်အပေါ် မွန်လူထုအတွင်း သဘောထားကွဲလွဲမှုတွေရှိနေတာ ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် မွန်လူမျိုးတွေ အများစုနေထိုင်တဲ့ အစိုးရ စာသင်ကျောင်းတွေမှာ မူလတန်းအဆင့် မွန်စာတစ်ဘာသာ ထည့်သွင်းသင်ကြားခွင့်ပေးဖို့ သဘောတူ လက် မှတ်ရေးထိုးထားတာပါ။
သဘောတူလက်မှတ်ရေးထိုးပြီးနောက် လာမယ့်စာသင်နှစ်ကစပြီး မွန်ကျေးရွာအတွင်းရှိ အစိုးရစာသင်ကျောင်း တွေမှာ ကျောင်းချိန်တွင်း တရားဝင်မွန်စာသင်ကြားဖို့ မြို့နယ်သုံးခုမှာ ရှေ့ပြေးစမ်းသပ်အစီအစဉ်အဖြစ် စတင် အကောင်အထည်ဖော်သွားမယ်လို့ မွန်ပြည်သစ်ပါတီကနေ သိရပါတယ်။
နှစ်ဖက်သဘောတူညီမှုအရ မွန်ပြည်နယ်အတွင်းရှိ သံဖြူဇရပ်၊ မုဒုံနဲ့ ချောင်းဆုံမြို့နယ်မှာရှိတဲ့ အစိုး ရ ကျောင်းတွေမှာ ရှေ့ပြေးစမ်းသပ်အစီအစဉ် စတင်မှာဖြစ်ပြီး အစိုးရကျောင်းတစ်ကျောင်းစီမှာ မွန်စာသင်ကြားမယ့် ဆရာ၊ ဆရာမနှစ်ဦးကို မွန်ပြည်သစ်ပါတီကနေ ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲဒီမွန်စာသင်ကြားပေးမယ့် ကျောင်းဆရာ၊ဆရာမတွေကို တရားဝင်ဝန် ထမ်းအဖြစ် ခန့်အပ်ပေးရမှာဖြစ်ပြီး လစာနဲ့လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေကို ပံ့ပိုးပေးသွားရမှာ ဖြစ်ပါတယ်။
မွန်ဒေသခံအမျိုးသမီးတစ်ဦးတော့ မိမိလူမျိုးရဲ့စာပေသင်ကြားတာဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဖြစ်ပြီး စစ်ကောင်စီကနေ တောင်းပြီးရလာမယ့် အခွင့်အရေးမဟုတ်သလို အယုံအကြည်မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကိုယ့်လူမျိုးရဲ့စာပေကို သင်ကြားခြင်းက ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဆိုတာနဲ့ ဆက်စပ်တယ်လို့ ကျွန်မတော့ ထင်တယ်။ ကိုယ့်ဟာကို ဖန်တီးယူရမယ်၊ ကိုယ့်ဟာကို ကြိုးစားယူရမှာပေါ့။ ဒါဟာ စစ်ကောင်စီဆီကနေ လက် ဖြန့်တောင်းပြီး ရလာမယ့်အခွင့်အရေးမဟုတ်ဘူးလို့ ကျွန်မထင်တယ်။ နောက်တစ်ခုက စစ်ကောင်စီရဲ့ လုပ်ရပ် အကုန်လုံးကို ခြုံငုံသုံးသပ်ကြည့်ရင် သူဟာမွန်လူမျိုးရဲ့အကျိုးကို တကယ်စေတနာပါပြီး ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ ပေးတယ်လို့ ကျွန်မတော့ အယုံအကြည်မရှိဘူး။ ဒီလိုမျိုးလည်း ဖြစ်မှာမဟုတ်ဘူး။ ဒါက မစို့မပို့ဝေစုပေါ့၊ ‘ရော့ ဒါလေး မင်းတို့ယူ’ ဆိုတဲ့ပုံစံမျိုးနဲ့ အပြသဘောပဲလို့ ကျွန်မတော့ မြင်တယ်”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အခုလိုအခြေအနေဟာ နှစ်ဖက်အကျိုးစီးပွားနဲ့ မွန်ပြည်သူတွေကြား စစ်ကောင်စီက ပေးတဲ့အခွင့်အရေးသဘောမျိုး ပြချင်တာလားဆိုတာ မေးခွန်းထုတ်စရာရှိပြီး အောက်ခြေမွန်လူထုတွေကို နိုင်ငံရေးအမြင် ဝေဝါးစေတယ်လို့ မွန်ဒေသခံအမျိုးသမီးက ဝေဖန်တာပါ။
မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးစဉ် မွန်လူမျိုးတွေ အများစုနေထိုင်တဲ့ အစိုးရစာ သင်ကျောင်းတွေမှာ မူလတန်းအဆင့် မွန်စာတစ်ဘာသာ ထည့်သွင်းသင်ကြားနိုင်အောင် မူဝါဒချမှတ် အကောင်အထည်ဖော်ပေးဖို့၊ မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကောင်စီ မွန်ပြည် နယ်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်သွားဖို့ သဘောတူထားတာ ဖြစ်ပါတယ်။
မွန်ဒေသခံတစ်ဦးကလည်း အစိုးရကျောင်းတွေမှာ ကျောင်းချိန်တွင်း မွန်စာသင်ကြားဖို့ စစ်ကောင်စီက အမှန်တ ကယ် ခွင့်ပြုပေးလာခဲ့ရင် ဂုဏ်ယူစွာလက်ခံဖို့ အသင့်နေရှိပေမယ့် တကယ် ဖြစ်၊မဖြစ် အချိန်တစ်ခု စောင့်ကြည့် ရဦးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တိုင်းရင်းသားအားလုံး တော်လှန်နေတာက အဓိက သူတို့ရဲ့လူမျိုး မပျောက်ပျက်အောင်၊ သူတို့ရဲ့ စာပေယဉ်ကျေးမှုက တခြားဗမာလူမျိုးတွေနဲ့ တန်းတူရရှိဖို့။ ဒါကို သူတို့ဦးတည်နေတဲ့ တော်လှန်ရေးဆိုတာ တိုင်းရင်းသားတိုင်းသိတယ်ဆိုတော့ အမှန်တကယ် စကစကပေးလာခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဂုဏ်ယူစွာနဲ့လက်ခံဖို့ အဆင်သင့်ရှိနေပါတယ်။ ဒါပေမယ့် ဖြစ်၊ မဖြစ် တကယ့်သေချာ၊ မသေချာဆိုတာ အချိန်တစ်ခုတော့ စောင့်ကြည့်ရမယ်”လို့ သူက ဆိုပါတယ်။
နှစ်ဖက်သဘောတူထားတဲ့ ကျောင်းချိန်တွင်း မွန်စာပေသင်ကြားရေးနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က မွန်ပြည် သစ်ပါတီ၊ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်ကို တယ်လီဖုန်းနဲ့ သုံးကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မွန်ပြည်သစ်ပါတီနဲ့ စစ်ကောင်စီတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ဒေသဖွံ့ဖြိုးရေး၊ မွန်စာပေသင်ကြားခွင့်ရရေးကိစ္စတွေနဲ့ အထွေထွေကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေမှာ မူလတန်းအဆင့် ကျောင်းချိန်ပြင်ပ သက် ဆိုင်ရာ တိုင်းရင်းသားစာပေသင်ကြားရေးကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ -၂၀၁၄ ပညာသင်နှစ်မှာ စတင်ခဲ့တာပါ။
တိုင်းရင်းသားဘာသာ စကား၊စာပေ သင်ကြားမှုနဲ့ ပတ်သက်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ Teaching Assistance (TA) နဲ့ Language Teacher (LT) ဆရာ/ ဆရာမ စုစုပေါင်း ၁၅၀၀၀ ကျော် ခန့်အပ်ထားတယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BNI