ကော်သူးလေ၊ မတ်(၁၂)
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁)လတာအတွင်း စစ်ကောင်စီနယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့အကြား တိုက်ပွဲပေါင်း(၄၁၈)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU က မတ် ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တစ်လအတွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၃၈၆)ဦးသေဆုံးပြီး (၂၆၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA KNDO ဘက်မှာတော့ (၂)ဦး ကျဆုံးကာ (၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေထဲကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၂၁)ကြိမ် ပြုလုပ်ခဲ့သလို စစ်တပ်နဲ့ နယ်ခြားစောင့်တပ် BGF တို့က လက်နက်ကြီးအလုံးပေါင်း(၃၅၁)လုံး ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလို စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုပိုင်ဆိုင်တဲ့ နေအိမ်(၄၄)လုံး၊ ကောလိပ် ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း(၂)ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း(၂)ကျောင်း၊ ဆေးပေးခန်း(၂)လုံးနဲ့ ပြည်သူပိုင်အဆောက်အဦး(၂၅)လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူလူထုနေအိမ်(၂၁)လုံးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ KNU က ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တို့ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရည် ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ ပြည်သူလူထုသွားလာတဲ့လမ်းတွေမှာ မိုင်းထောင်တာ၊ ပြည်သူလူထုကို သေနတ်နဲ့အကြောင်းမဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူ(၁၁)ဦး သေဆုံးသွားခဲ့တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီ BGF တို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ(၅)ပါး အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း (၄၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။
KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုနဲ့ လူ့အခွင့်အ ရေးချိုးဖောက် လုပ်ဆောင်မှုတွေကြောင့် အရပ်သားပြည်သူလူထု (၅၀၀,၀၀၀)ကျော် ထွက် ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီတွေလည်း လိုအပ်လျက်ရှိနေတယ်လို့ ကရင်အရပ်ဘက်အဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU