နေပြည်တော် ၊ မတ် (၁၁)

အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်အားပေးကူညီတဲ့ လူတစ်ဦးချင်း၊ အုပ်စု၊ အဖွဲ့အစည်းနဲ့ တာဝန်ခံတွေ စာရင်းကို ပုံစံနဲ့တကွ ပူးတွဲထုတ်ပြန်ကြေညာဖို့ လိုအပ်တဲ့အချက်အလက်တွေကို ပြုစုပြီး ကုလ သမဂ္ဂ ပေးပို့မယ့် အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၂၊ ပုဒ်မခွဲ့ (က) အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ နည်းဥပဒေ ထုတ်ပြန်တာလို့ မတ် ၁၀ ရက်နေ့ထုတ် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ခိုင်လုံတဲ့ သတင်းအချက်အလက်အရဖြစ်စေ၊တင်ပြချက်အရဖြစ်စေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ အရ စီရင်ပိုင်ခွင့်ရှိတဲ့ နေရာဒေသတွေမှာ အကြမ်းဖက်မှုကို ကျူးလွန်တာ၊ အားပေးတာ၊ ကူညီတာ၊ လှုံဆော် တာ ဒါမှမဟုတ် ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ကျူးလွန်တဲ့သူတွေ၊ အုပ်စုတွေကို အထောက်အထားတွေနဲ့ ဗဟိုအဖွဲ့ကို တင်ပြရမယ်လို့ ဖော်ပြပါတယ်။

တင်ပြရမယ့်အချက်တွေထဲမှာ အကြမ်းဖက်မှုကျူးလွန်တဲ့ ဖြစ်စဉ်အကျဉ်းချုပ်၊ဖော်ထုတ်ရရှိတဲ့ အချက်အလက် နဲ့အထောက်အထားတွေ၊ အကြမ်းဖက်သမား ဒါမှမဟုတ် အကြမ်းဖက်အုပ်စုအမည် အကြမ်းဖက်အုပ်စုဝင် အသီးသီးရဲ့ အမည်နဲ့နေရပ်လိပ်စာတွေ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာတို့ ပါဝင်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမား ဒါမှမဟုတ် အကြမ်းဖက်အုပ်စုရဲ့ ကိုယ်ရေးရာဇဝင်၊ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ ပြည်တွင်း၊ပြည်ပ အကြမ်းဖက်သမား ဒါမှမဟုတ် အကြမ်းဖက်အုပ်စုအပါအဝင် အကြမ်းဖက်အဖြစ် ကြေညာဖို့လိုအပ်တဲ့ အကြောင်းအရင်းကိုလည်း တင်ပြရမှာပါ။

အဲဒီလို သတ်မှတ်ကြေညာဖို့လိုအပ်တဲ့ အကြမ်းဖက်သမား ဒါမှမဟုတ် အုပ်စုပိုင် ငွေကြေးနဲ့ ပစ္စည်းတွေတည် ရှိတဲ့ နေရာနဲ့ အသေးစိတ်အထောက်အထားတွေ၊အကြမ်းဖက်မှုကို အားပေးမှု၊ငွေကြေးထောက်ပံ့မှုတွေနဲ့ ဆက်စပ်တဲ့အချက်အလက်တွေကိုလည်း တင်ပြရမယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုနိုင်ငံတွေက စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ပိတ်ဆို့အရေးယူမှုတွေ လုပ်နေချိန်မှာ ဒီလိုမျိုး နည်းဥပဒေထုတ်ပြန်တာဟာ ကမ္ဘာကို တုံ့ပြန် ကြေညာဖို့ လိမ်လည်စွဲချက်တင်နိုင်ဖို့ စာရင်းပြုစုတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။

“တစ်ကမ္ဘာလုံးက စကစကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီးတော့ ပိတ်ဆို့အရေးယူမှုတွေ လုပ်နေချိန်မှာ သူတို့က (စကစ) အကြမ်းဖက်နေတာ မဟုတ်ဘူး။ ကျန်တဲ့ NUG၊PDF တွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်အဖွဲ့ဖြစ်တယ်ဆိုတာ ကမ္ဘာကို တုံ့ပြန်ကြေ ညာဖို့ လိမ်လည်ပြီး စွဲချက်တင်ဖို့ ဒီစာရင်းတွေ ပြုစုနေတာပါ။ အဲဒီစာရင်းပြုစုပြီး ကုလသမဂ္ဂပဲပို့ပို့၊ လူ့အခွင့်အရေးကောင်စီပဲ ပို့ပို့ ဘာမှမထူးပါဘူး။ တစ်ကမ္ဘာလုံးက သောင်းနဲ့ချီတဲ့ အထောက်အထားတွေ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနည်းနဲ့လုပ်တဲ့အတွက် ပိုပြီးထူးခြားလာမှာ မဟုတ်ပါဘူး”လို့ သူက ဆိုပါ တယ်။စစ်ကောင်စီရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး နည်းဥပဒေအရ အိမ်နီးချင်းနိုင်ငံတွေနဲ့ သက်ဆိုင်ရာပြည်ပနိုင်ငံကို ခြေကုပ်စခန်းအဖြစ် အသုံးပြုကာ စီရင်ပိုင်ခွင့်ရှိတဲ့ နေရာဒေသအတွင်း ဝင်ရောက်ပြီး အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်တဲ့သူတွေ၊ အဖွဲ့အစည်းတာဝန်ခံတွေရဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ ပြည်ပနိုင်ငံရဲ့ အာဏာ ပိုင်က ကြေညာချက်ထုတ်ပေးဖို့ တောင်းဆိုနိုင်ရေး အထောက် အထားတွေနဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိမိတို့နိုင်ငံက ထုတ်ပြန်ကြေညာထားတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အုပ်စုတွေကို ကုလ သမဂ္ဂနဲ့ နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့အစည်းတွေထံ အချက်အလက်ပေးပို့ရမှာဖြစ်ပြီး ဖြစ်နိုင်သလောက် အရေးယူရမယ်လို့ နည်းဥပဒေမှာ ဖော်ပြပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း စစ်အုပ်စုကျူးလွန်တဲ့ ရာဇဝတ်မှု အထောက်အထားတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရရှိပြီး လိုအပ်သလို ဆောင်ရွက်ဖို့ အသင့်ဖြစ်တဲ့အနေအထားမှာ စစ်ကောင် စီက သံတမန်နည်းနဲ့ အဲဒီလိုမျိုး လိုက်လုပ်နေတာဟာ ထူးလာမှာ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။

“အဲဒီလို အနေအထားမှာ သူတို့က (စကစ) နောက်မှအကြံရပြီးတော့ ဒါတွေ လိုက်လုပ်နေတာ။ သိပ်ထူးလာမှာ မဟုတ်ပါဘူး။ သူတို့က တရားဥပဒေကို မရိုသေတဲ့ စစ်အစိုးရ တစ်ကမ္ဘာလုံးသိတယ်။ သန်းခေါင်ထက် ညမ နက်ပါဘူး။ ဘာပဲ သူတို့ ပြဌာန်းပြဌာန်း၊ ဒါတွေက သူတို့ အဟောသိကံ (အကျိုးပေးခွင့် မရသောကံ) ဖြစ်မှာ ပဲ။ သူတို့က လုပ်စရာမရှိတော့တဲ့အတွက်ကြောင့် သံတမန်နည်းနဲ့ ပြန်ပြီးပြဿနာကို ချဉ်းကပ်တာပေါ့။ အဲဒီ အဆင့်လောက်ပဲ ရှိပါတယ်”လို့ သူက ဆိုပါတယ်။

အကြမ်းဖက်မှုကျူးလွန်တာနဲ့ပတ်သက်ပြီး နိုင်ငံအတွင်းရှိသူ တစ်ဦးချင်းကို အကြမ်းဖက်သမားအဖြစ် လည်း ကောင်း၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ အုပ်စုတစ်ခုခုကို အကြမ်းဖက်အုပ်စု ဒါမှမဟုတ် ဆက်နွယ်ပါဝင်တဲ့ အဖွဲ့အစည်းနဲ့ တာဝန်ခံအဖြစ်လည်းကောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ချမှတ်ပြီး ဗဟို အဖွဲ့က သတင်းမီဒီယာတွေမှာ အသိပေးကြေညာရမယ်လို့ ဖော်ပြပါတယ်။

အဲဒီလို ထုတ်ပြန်ကြေညာတဲ့ အကြမ်းဖက်သူနဲ့ အုပ်စုကိုလည်းကောင်း၊သူတို့ကို အားပေးကူညီသူတွေနဲ့ တစ် နည်းနည်းနဲ့ ငွေကြေးထောက်ပံ့တဲ့ ပြည်ပနိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းတွေကိုလည်းကောင်း လိုအပ် သလို အရေးယူဖို့ သက်ဆိုင်ရာပြည်ပနိုင်ငံရဲ့ အာဏာပိုင်ကို အကြောင်းကြားရမယ့်အပြင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ ကိုလည်း အလျင်အမြန် အကြောင်းကြားရမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်သူ၊အကြမ်းဖက်အုပ်စု ဒါမှမဟုတ် ဆက်နွယ်ပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ တာဝန်ခံတွေ ပိုင်ဆိုင်တဲ့ ငွေကြေး၊ပစ္စည်းတွေကို တနည်းနည်းနဲ့လွှဲပြောင်းတာ၊ပြောင်းလဲတာ၊ဖုံးကွယ်တာ၊ဖျောက်ဖျက်တာနဲ့ အသွင်ပြောင်းလဲတာတို့ မပြုလုပ်နိုင်အောင် အမိန့်ထုတ်ပြန်ရမှာဖြစ်ပြီး အဲဒီငွေကြေးနဲ့ပစ္စည်းတွေကို ငွေကြေးဝန်ဆောင်မှု၊ လွှဲပြောင်းမှုတွေကို ဘယ်သူမှ မပြုလုပ်ဖို့ တားမြစ်ချက်ထုတ်ပြန်ရမယ်လို့ နည်းဥပဒေမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.