မော်လမြိုင်၊ မတ်(၁၁)

မွန်ပြည်နယ်မှာတော့ အခုနှစ် ပဲထွက်ရာသီမှာ ပြည်တွင်း ပဲဝယ်ယူသိုလှောင်သူတွေ များလာတဲ့အတွက် ဆယ်စုနှစ်အတွင်း ပဲဈေးစံချိန်တင်အမြင့်ဆုံးဈေးနှုန်းအထိ ရောက်ရှိလာတယ်လို့ ပဲလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းပဲမျိူးစုံဈေးနှုန်းဟာ နှစ်ဆန်းပိုင်းကစပြီး တရွေ့ရွေ့ မြင့်တက်လာရာကနေ လက်ရှိမှာတော့ စံချိန်တင်ဈေးနှုန်းအထိ ရောက်လာခဲ့သလို အဲဒီထဲမှာ ပဲတီစိမ်း(ရွှေဝါ) တစ်တင်းကို ကျပ် ၇၁၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

တခြား ပဲအမျိုးအစားတွေထဲမှာ မတ်ပဲ တစ်တင်း ကျပ် ၆၀၀၀၀ ကျော်၊ ပွဲလွန်းဖြူ တစ်တင်း ကျပ် ၄၃၀၀၀ ၊ ဘိုကိတ် တစ်တင်း ကျပ် ၄၇၀၀၀ ၊ ပဲပုတ် တစ်တင်း ကျပ် ၆၀၀၀၀ အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်နေတာပါ။

ပဲလုပ်ငန်းရှင်တစ်ဦးကတော့ ပဲဈေးနှုန်းဟာ ပဲကုန်သည်တွေ မဟုတ်ဘဲ ပဲဝယ်ယူသိုလှောင်သူတွေ များလာတာကြောင့် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းကို ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။

“ပဲဈေးကွက် အခြေအနေကတော့ ဘယ်လို ပြောရမလဲဆိုတော့ တချို့ကျတော့ ပဲမာလိုင်းနဲ့ ပတ် သက်ပြီးတော့ ဒီမတ်ပဲနဲ့ ပဲစင်းငုံတို့က လက်ရှိဘဏ်မှာ ငွေမထားချင်တဲ့လူတွေပေါ့။ ဟိုဘက်ဈေး ကွက်က ကိုက်လှတယ်လို့ မဟုတ်ဘူး။ တချို့ကလည်း လက်ထဲမှာ ငွေမထားချင်တော့ ဘဏ်မှာလည်း ငွေမထားချင်တော့ ကျွန်တော်တို့ ပလေယာတွေပေါ့။ ကျွန်တော်တို့ ပဲကုန်သည်တွေတော့ မဟုတ်ဘူး။ ကြားထဲမှာ လှောင်လက်တွေလို့ ခေါ်တာ ပေါ့။ ပလေယာတွေက ဝင်ကစားတာ။ အဲဒီလိုမျိုး ဝင်ထောက်နေတော့ ဈေးတွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေး တွေ မဟုတ်ဘဲနဲ့ အပေါ်တက်လာတာပေါ့။ ပြည်တွင်းရဲ့ ဝယ်လိုအားတွေပေါ့။ ဒီဝယ်လိုအားတွေက အတု အယောင်တွေ။ သူတို့က Final အသုံးပြုသူတွေ မဟုတ်ဘူးလေ။ သုံးစွဲတဲ့ သူမဟုတ်ဘူးလေ။ သူတို့က ဒါကို ကြားခံအနေနဲ့ အမြတ်ရဖို့ ပြန်ရောင်းတဲ့ဟာပေါ့ အဲဒီလိုမျိုးပေါ့နော်။ ရမယ်၊ မရမယ် ဆိုတာလည်း မကျိန်းသေ ဘူး၊ အဲဒါတွေကြောင့်မို့ ဈေးကတက်တာ၊ ဒီ(၁၀)နှစ်အတွင်းမှာ ပဲဈေးအမြင့်ဆုံးလို့ ပြောလို့ရတာပေါ့”လို့ ဆိုပါတယ်။

ပဲဝယ်ယူသိုလှောင်သူတွေ များနေတာကြောင့် ဈေးကွက်အတွင်း ပြည်ပကပေးတဲ့ ပဲဈေးနှုန်းနဲ့ တန်းတူ ဝယ်ယူမှုတွေ ရှိနေတဲ့အတွက် ဝယ်လိုအားမြင့်တက်လာနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပဲစိုက်တောင်သူတွေကတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးသုံး သွင်းအားစု ကုန်ပစ္စည်း တွေနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတာ၊ ရာသီဥတုကြောင့် ပဲအထွက်နည်းပါးခဲ့တဲ့အတွက် အကျိုးအ မြတ် မရှိကြဘူးလို့ ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုတ်နဲ့ ပဲတီစိမ်း (ရွှေဝါ)တို့ကို အဓိက စိုက်ပျိုးနေတာ ဖြစ်ပြီး နှစ်စဉ် ပဲမျိုးစုံ တန်ချိန် ၂၀၀၀၀ ကျော် ထွက်ရှိနေတာပါ။

ထွက်ရှိလာတဲ့ ပဲမျိုးစုံတွေကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်နိုင်ငံတွေကို အဓိက တင်ပို့နေရတာ ဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊နီပေါနဲ့ပါကစ္စတန်နိုင်ငံတွေကိုလည်း ပဲအမျိုးအစားပေါ် မူတည်ကာ တင်ပို့တာတွေ ရှိနေတယ် လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Mg Jake

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.