ကိုးကန့် – မတ်(၁၁)
ကိုးကန့်ဒေသ MNTJP/MNDAA လက်ထဲကို အလုံးစုံပြန်လည်ရရှိရေးလုပ်ငန်းတွေအပြင် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်တဲ့နေရာမှာ ညီနောင်မဟာမိတ်စိတ်ဓာတ်နဲ့ အတူတိုက်ပွဲဝင်သွားမယ်လို့ ULA/AA နဲ့ PSLF/TNLA တို့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ဒီနေ့ မတ်လ(၁၁) ရက်နေ့မှာ ကျရောက်တဲ့ ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီး ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army-MNDAA) ကို ဖွဲ့စည်းတည်ထောင်တဲ့ ၃၄ နှစ်အထိမ်းအမှတ်သဝဏ်လွှာ မှာဖော်ပြထားတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသ(၁)အဖွဲ့အစည်းဟာ ငြိမ်းချမ်းရေး၊အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ခွင့်ရရှိရေး၊အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးတွေအားလုံး စစ်အာဏာရှင် စနစ်လက်အောက်က လွတ်မြောက်ရေး၊စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးစတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို တစိုက်မတ်မတ်စွဲကိုင်ပြီး အမျိုးသားလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေတဲ့ FPNCC(ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ) အဖွဲ့ဝင် ဖြစ်တယ်လို့ ဆိုထားပါတယ်။
လက်ရှိအချိန်မှာတော့ MNTJP ဥက္ကဋ္ဌအဖြစ် ဦးဖုန်တာရွှင် ဦးဆောင်ပြီး ခေတ္တစွန့်ခွာခဲ့ရတဲ့ မူလဘူတ ကိုးကန့်နယ်မြေကို MNTJP/MNDAA လက်ထဲအလုံးစုံပြန်လည်ရရှိရေး ကိုးကန့်အဖွဲ့အစည်းရဲ့ စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘဝတူညီနောင်မဟာမိတ် တွေနဲ့ လက်တွဲပြီး နွေဦးတော်လှန်ရေးထဲမှာ ပေါက်ဖွားလာတဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဘုံရည်မှန်းချက်တူညီပြီး စုပေါင်းလုပ်ဆောင်တဲ့ အဖွဲ့အစည်း၊ ပြည်သူတို့ရဲ့ ယုံကြည်မှုထောက်ခံမှုရရှိထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီ တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မျာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ဩဂုတ်လက စစ်ကောင်စီတဖြစ်လဲ မြန်မာ့တပ်မတော်က နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးတာကို လက်မခံခဲ့တဲ့အတွက် ရမယ်ရှာ တိုက်ခိုက်ခံခဲ့ရတဲ့ ကိုးကန့် အထူးဒေသ(၁) အဖွဲ့အစည်းအနေနဲ့ မိမိလူမျိုးအချင်းချင်း မတိုက်ခိုက်လိုတဲ့အပြင် ပြည်သူကို ငဲ့ညှာခဲ့တဲ့အတွက် အဲဒီဒေသကို ခေတ္တစွန့်လွှတ်ခဲ့ရတာ အခုဆိုရင် (၁၄) နှစ်နီးပါးရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ အမှန်တရားနဲ့ တရားမျှတတဲ့ အမျိုးသားပါတီ၊မြန်မာဒီမိုကရင်တစ် မဟာမိတ် တပ်မတော် (MNDAA/MNTJP) ရဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ ကိုးကန့်လူမျိုးတွေ မျှော်လင့်နေတဲ့ မျှော်မှန်းချက်တွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်စေဖို့လည်း ဆုတောင်းပေးတယ်လို့ ညီနောင်မဟာမိတ်တွေရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ULA