မော်လမြိုင် – မတ်(၁၀)

မြန်မာနိုင်ငံကို လက်နက်နဲ့ မတရားအနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်တွေကို တွန်းလှန်ရင်း နိုင်ငံရေး စနစ်သစ်တစ်ခုကို ဖော်ဆောင်ရာမှာ ကြီးမားတဲ့ ပေးဆပ်မှုတွေရှိလာနိုင်တာကို လက်ခံထားပေမယ့် အဖိုးတန်လှတဲ့ စတေးပေးဆပ်မှုတွေကို လက်ခံဖို့ ခဲယဉ်းတယ်လို့ NUGဝန်ကြီးချုပ်ကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၉) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး မှာ အခုလိုပြောခဲ့တာပါ။

“စစ်အာဏာရှင်တွေကို တွန်းလှန်ရင်း နိုင်ငံရေးစနစ်သစ်တစ်ခုကို ဖော်ဆောင်ရာမှာ ကြီးမားတဲ့ ပေးဆပ်မှုတွေရှိလာနိုင်တာကို လက်ခံထား‌ပေမယ့်ယခုလိုမျိုး အဖိုးတန်လှတဲ့ စတေးပေးဆပ်မှုများ ကို လက်ခံနိုင်ရန် ခဲယဉ်းလှပါ‌ကြောင်း၊ နောက်ဆက်တွဲအကျိုးဆက်ကို စစ်ရာဇဝတ်ကောင်တွေ အသေအချာ တာဝန်ယူကြရမှာဖြစ်ပါကြောင်း” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင်တော်လှန်ရေးကာလဖြစ်လို့ ကာကွယ်ရေးကဏ္ဍဟာ နံပါတ်တစ်ဦးစာပေးဆောင်ရွက်ကြ ရမှာဖြစ်သလို ပြည်ထဲရေးနဲ့ အခွန်ကောက်ခံမှုက တော်လှန်ရေးကာလ၊ နောင်ကာလတွေမှာ အရေးပါနေမယ့် ကဏ္ဍတွေဖြစ်နေတဲ့အတွက် အထူးအလေးထားဆောင်ရွက်ပေးကြဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

NUG အစိုးရအဖွဲ့အနေနဲ့ လက်ရှိအခြေအနေတွေကို အကောင်အထည်ဖော်ဆောင်လာခဲ့တဲ့အတွေ့ အကြုံ၊ရှေ့ဆက်ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအခြေအနေအားလုံးကို သုံးသပ်ပြီး စနစ်တကျ အချိန်ယူ တိုင်ပင်ဆွေးနွေးကာအကောင်းဆုံးဖြစ်အောင် အဖြေရှာကြဖို့လည်း ဆိုထားပါတယ်။

ဆက်လက်ပြီး တက်ရောက်လာကြတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးဝင်တွေက (၉/၂၀၂၃) မှာချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်တွေ ပြီးစီးမှုအခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစည်တွေကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဦးဆောင်ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ အမြဲတမ်းအတွင်းဝန်တွေ၊ ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Mahn Winn Khaing Thann – Prime Minister of NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.