ရန်ကုန် – မတ်(၁၀)

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှာ ဆေးခြောက်ထည့်သွင်းပြီး ကွတ်ကီးမုန့်တွေ ထုတ်လုပ်ရောင်း ချသူ(၂) ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၈) ရက်နေ့က လမ်းမတော်မြို့အမှတ်(၇) ရပ်ကွက်(၁၆) လမ်းမှာနေထိုင်တဲ့ အသက် (၂၄) နှစ်အရွယ် မထက်ရတနာဦးနဲ့ လမ်းမတော်မြို့နယ် အမှတ်(၁) ရပ်ကွက် ဗဟိုစည်အိမ်ယာမှာ နေထိုင်တဲ့ အသက်(၂၁) နှစ်အရွယ် ကိုဇော်လင်းနောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

သူတို့တွေဟာ ဆေးခြောက်နဲ့ ပြုလုပ်ထားတဲ့ ကွတ်ကီးမုန့်တစ်ခုကို ကျပ်ငွေ (၆၀၀၀) ကနေ (၁၀၀၀၀) ကြား နဲ့ အွန်လိုင်းကတဆင့် ရောင်းချလို့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့ကို တရားစွဲဖို့ လုပ်ဆောင်နေပြီး ဘယ်လိုပုံစံ ဆောင်ရွက်သွားမယ်ဆိုတာကိုတော့ ပြောခွင့်မရှိဘူးလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာရှိတဲ့ ဘားနဲ့ နိုက်ကလပ်တွေမှာ မူးယစ်ဆေးဝါး မျိုးစုံကို ပေါ်ပေါ်ထင်ထင်အသုံးပြုတာတွေရှိနေပေမယ့် စစ်ကောင်စီဘက်က ဖမ်းဆီးအရေးယူထားတာတွေမရှိသလို သူတို့နဲ့ နီးစပ်သူတွေလည်း သွားရောက်သုံးစွဲတာတွေရှိနေတယ်လို့ နီးစပ်သူတွေ ကဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.