ရေး – မတ်(၁၀)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု၊ စုံနံသာကျေးရွာအနီး ခံသင်းတံတားရှိ စစ်ကောင်စီနဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေး ပူးပေါင်းတပ်စခန်းကို ဒီနေ့ မတ် ၁၀ ရက်နေ့ မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။

တပ်အင်အား ၁၅ ဦးနီးပါး တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီပူးပေါင်းတပ်စခန်းကို ဒီနေ့ မနက် ၇ နာရီလောက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီပူးပေါင်းတပ်စခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး ကျန်တပ်ဖွဲ့တွေ ထွက်ပြေးသွားတာကြောင့် စခန်းကို ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီတိုက်ခိုက်မှုမှာ ရေးမြို့နယ် အခြေစိုက်တပ်ရင်းကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် လက်နက်ကောက်ဖို့ အဆင်မပြေတာကြောင့် ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခံသင်းတံတားရှိ စစ်ကောင်စီ ပူးပေါင်းတပ်စခန်းဟာ ခရီးသွားပြည်သူတွေနဲ့ ကုန်တင်ကားတွေအပေါ် ငွေကြေး ကောက်ခံတာတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီထံ လက်နက်ချအလင်းဝင်ထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ စစ်ကောင်စီ သြဇာခံပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း ကြေညာထားတဲ့ မွန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကလည်း ရေးမြို့နယ် တံတားကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရေးဘီးလူးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.