အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) ၇ ဖွဲ့ဟာအခုလအတွင်း စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့အလွတ်သဘောဆွေးနွေးနိုင်ဖို့ ကမ်းလှမ်းထားပါတယ်။ ဒါကြောင့် စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းရတဲ့ အခြေအနေ၊ စစ်ကောင်စီရဲ့ သဘောထား၊ အလွတ်သဘော တွေ့ဆုံမှုမှာ ဘာတွေ ဆွေးနွေးသွားဖို့ ရှိနေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး အပစ်ရပ် ၇ ဖွဲ့က စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းတာတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့် တွေ့ဆုံဖို့ကမ်းလှမ်းဖြစ်တာလဲ။

အခု ကျွန်တော်တို့ ကြိုးပမ်းနေတဲ့ ၇ဖွဲ့ကတော့ PPSTလို့လည်း ပြောလို့မရဘူးခင်ဗျ။ PPSTကခြောက်ဖွဲ့ပါသလို PPST ထပ်ပေါင်း အနေနဲ့ တစ်ဖွဲ့ပါတယ်။ အဓိကကတော့ PPSTအနေနဲ့ဆွေးနွေးတာတော့ မရှိဘူး။  ဒါ NCA-S EAO ၇ဖွဲ့လို့ ကျွန်တော်တို့ သုံးထား တယ်။ NCA-S EAO ၇ဖွဲ့ဆိုတာကလည်း အထူးအဆန်းတော့ မဟုတ်ပါ ဘူး။ လက်ရှိ ကျွန်တော်တို့ နစကကနေ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို ၃ကြိမ်တိုင်တိုင်သွားလက်စရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြောတာဖြစ်ပါ တယ်။

ကျွန်တော်တို့ကြိုးပမ်းတယ်ဆိုတာကလည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးပမ်းတာပါ။ ကျွန် တော်တို့ကသွား နေတဲ့ Process ကို ကျွန်တော်တို့က နှစ်ဖက်စလုံးက အဆင်ပြေပြေနဲ့ လျှောက်လှမ်းနိုင်တဲ့ အခင်းအကျင်းတစ်ခု ဖြစ်အောင် ကျွန်တော်တို့ တွေ့ဆုံတဲ့အချိန်တွေ့ဆုံတဲ့နေရာ ဆွေးနွေးမယ့်အကြောင်းအရာတွေက အစပေါ့။ ကျွန်တော်တို့က ဒီလိုမျိုးထိပ်သီး ခေါင်းဆောင်တွေ ဆွေးနွေးမှု မလုပ်ခင်လေးမှာ ကျွန်တော်တို့က အလွတ်သဘောညှိ့နှိုင်းရေးအဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ အလွတ်သဘောတွေ့ ဆုံကြမယ်။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းနဲ့ ကျွန်တော်တို့ ကြိုတင်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်မယ်။ ဘယ်နေ့ ဘယ်ရက်ဘယ်အချိန်အခါဘယ်နေရာမှာလုပ်မလဲ။ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးမလဲဆိုတာကို ကျွန်တော်တို့က အလွတ်သဘောစတင်ဆွေးနွေးမယ်။ ကျွန်တော်တို့ အလွတ်သဘောကနေ နှစ်ဘက်စလုံး အတွက် အဆင်ပြေနိုင်တဲ့ အခင်းအကျင်း ၊နှစ်ဖက်စလုံးအတွက်ပေါ့လေ။ Joint ownership ဖြစ်နိုင်တဲ့ အခင်း အကျင်းတစ်ခုဖြစ်အောင် ကျွန်တော်တို့က နှစ်ဖက်စလုံးအ တွက် အဆင်ပြေနိုင်တဲ့အခင်းအကျင်းတစ်ခုကို ကြို တင်ညှိနှိုင်းပြီးတော လုပ်ဆောင်ပြီးမှ ကျွန်တော်တို့က ထိပ်သီးခေါင်းဆောင် တွေရဲ့ တရားဝင်တွေ့ဆုံ ဆွေးနွေးမှုတွေကို ကျွန်တော်တို့ လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

အချုပ်ပြောလိုက်မယ်ဆိုရင်တော့ အခုကျွန်တော်တို့ ကြိုးပမ်းနေခြင်းသည် ကျွန်တော်တို့ထိပ်သီးခေါင်းဆောင်တွေနဲ့ PPST အနေနဲ့လည်း မဟုတ်ဘူး။ ကျွန်တော်တို့ ထိပ်သီးခေါင်းဆောင်တွေကနေ ဖွဲ့စည်းထားတဲ့ EAO ၇ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေး ညှိ့နှိုင်းရေးအဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ NSPNC နဲ့ပေါ့လေ အလွတ်သဘောတွေ့ဆုံညှိ့နှိုင်းနိုင်အောင် ကျွန်တော်တို့ စတင်ပြီး ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပါတယ်ခင်ဗျ။

-အပစ်ရပ် ၇ ဖွဲ့ရဲ့ကမ်းလှမ်းမှုကို စစ်ကောင်စီဘက်ကရော ဘယ်လို အကြောင်းပြန်တာ ရှိလဲ။

ပြောသင့်ပြောထိုက်တဲ့ အချိန်ကျရင်တော့ ကျွန်တော်တို့ကတော့ မျှဝေပေးမှာပါ။ အခုကစတင်ပြီး ကျွန်တော်တို့ ချိတ်ဆက်ညှိနှိုင်းတယ်။ ကမ်းလှမ်းတယ်။ ကျွန်တော်တို့ အလွတ်သဘောရဲ့ တွေ့ဆုံညှိ့နှိုင်းမှုတွေ ဖြစ်မြောက် ဖို့အတွက် ကျွန်တော်တို့ကစတင်ပြီးတော့ ဒါနှစ်ဖက်စလုံးကနေပြီး ကမ်းလှမ်းမှုတွေ ကြိုးပမ်းမှုတွေ ရှိတယ်ဆို တာလောက်ကိုပဲ ဒါအကျဉ်းချုပ် အဲဒီလောက်ပြောလို့ရမယ် ထင်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ အနေနဲ့ ဘယ်လိုအကြောင်းကြားထားတယ်။ ဘယ်လိုပြန်ကြားတယ် စသဖြင့်ကတော့ အဲဒီ လောက်အဆင့်ထိကတော့ မရှိသေးပါဘူး။ ကျွန်တော်တို့က အလွတ်သဘောဆိုတော့ ကျွန်တော်တို့က ရင်းနှီးမှုအရ ဒီလိုမျိုး အလွတ်သဘောတွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်အောင် ပြထားတဲ့ တာဝန်ရှိသူ တွေကနေ စတင်ပြီးကြိုးပမ်းဆောင်ရွက်မှုတွေ ရှိနေတဲ့အဆင့်ပဲ ရှိနေပါသေးတယ်။

-ဒီအလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲက မတ်လအတွင်း ဖြစ်လာနိုင်မလား၊ ဘယ်လို မြင်ပါသလဲ။

ကြိုးပမ်းတာပေါ့။ ကျွန်တော်တို့ကတော့ မျှော်မှန်းတစ်ခုတော့ ထားတာပေါ့။သို့သော်လည်းပဲ ဖြစ်နိုင်မလား မဖြစ်နိုင်မလားဆိုတာကလည်း ခုနက ကျွန်တော်ပြောသလို နှစ်ဖက်စလုံးက အဆင်သင့်ဖြစ်တဲ့အချိန် နှစ်ဖက် စလုံးက အဆင်ပြေတဲ့အချိန်၊ နှစ်ဖက်စလုံးက ညင်ညင်သာသာနဲ့ လိုက်ပါဆောင်ရွက်မှု ဖြစ်နေတဲ့အခင်းအ ကျင်းပေါ်မူတည်ပြီး မတ်လအတွင်းမှာ ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာက ကျွန်တော်တို့နှစ်ဖက်စလုံးရဲ့ ဒါတွေ့ဆုံညှိနှိုင်းမှုအပေါ်မှာပဲ မူတည်လိမ့်မယ် ခင်ဗျ။ ကျွန်တော်တို့ကတော့ မျှော်မှန်းတစ်ခုကတော့ ထားတာပေါ့။ Target တစ်ခုက ထားတာပေါ့။ ဖြစ်နိုင်အောင်လည်း ကျွန်တော်တို့နှစ်ဖက်စလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြတာပေါ့ခင်ဗျာ။

-နောက်ဆုံးအနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဖြစ်ရင် အပစ်ရပ် ၇ ဖွဲ့က ဘာတွေ ဆွေးနွေးသွားဖို့ ရှိနေလဲ။

ကျွန်တော်တို့ PPST အနေနဲ့ကတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အကြပ်အတည်းတွေ ကျော်လွှားနိုင်ဖို့အတွက် သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့ ဆိုတာကတော့ ကျွန်တော်တို့ PPST ရဲ့ အဓိကလုပ်ဆောင်ဆွေးနွေးလို့တဲ့ အကြောင်းအရာ ဖြစ်ပါ တယ်။ ဒါက PPST ရဲ့ ဘက်က ကျွန်တော်တို့ဘက်က ပြောဆိုချင်တဲ့ အကြောင်းအရာပါ။ သို့သော်လည်းပဲ ကျွန်တော်တို့အခုသွားမယ့် အခင်းအကျင်းက ကျွန်တော်တို့ ဖြစ်ချင်တဲ့အတိုင်းလည်း မဟုတ်ရသလိုပေါ့လေ။ ကျွန်တော်တို့ တဖက်က ဆွေးနွေးချင်တဲ့အကြောင်းအရာပေါ်မှာပဲ တဖက်ကလည်းပဲ သူအဆင်ပြေနိုင်အောင် ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ ဆိုတာက ကျွန်တော်တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲမှာ ကျွန်တော် တို့ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးနိုင်မလဲ၊ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးဖြစ်မလဲဆိုတာ ကတော့ ကျွန်တော်တစ်ယောက်တည်း ပြောတာထက်ပေါ့လေ။ ကျွန်တော်တို့ အလွတ်သဘောတွေ့ ဆုံဆွေး နွေး ညှိနှိုင်းရေး အဖွဲ့ကနေပြီးတော့ နှစ်ဖက်စလုံးအတွက် အဆင်ပြေတဲ့ အကြောင်းအရာတစ်ခုခုပဲ ကျွန်တော် တို့ ဒါဆွေးနွေးဖြစ်ကြမယ်လို့ ဒါမူအရကကတော့ အဲဒီလိုပဲ နားလည်မှုရှိကြပါတယ်ခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.