ညောင်လေးပင် – မတ်(၉)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကွင်းဒလက်ကြီးကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်က KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ် ဝိုင်းကျိုနဲ့ ပြင်ရေကျေးရွာထဲကို လက်နက်ကြီးနဲ့ အချက်ပေါင်း(၂၄) ချက်ပစ်ခတ်ခဲ့တာကြောင့် အသက်(၅၃)နှစ်အရွယ် ဒေသခံရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မတ် ၈ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာလည်း စစ်ကောင်စီတပ်က ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ် သိုက်တူးကုန်းကျေးရွာထဲကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KHRG က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ဒေသခံပြည်သူ(၃)ဦးကို KNU ကရင်ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဌာန KDHW ရဲ့ ဆေးခန်းတစ်ခုမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ထားတယ်လို့လည်း က ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အဲဒီဒေသအတွင်းရှိ နေထိုင်တဲ့ ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုတွေ မကြာခဏလုပ်ဆောင်နေပြီး ဒီလိုပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိတာတွေ ရှိသလို ဒေသခံပြည်သူတွေအများအပြားလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ရဲ့ ထုတ်ပြန်ထားချက်အရ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသခံပြည်သူဦးရေ(၁၄၀၀၀၀)ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.