ပြည်တော် ၊ မတ် (၉)

နိုင်ငံတော်ကို အရေးပေါ်ကာလအဖြစ် ၆ လသက်တမ်း ထပ်တိုးယူခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီက လာမယ့် ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ပြိုင်တည်း ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမယ်လို့ ပြောဆိုလာတာပါ။

သန်းခေါင်းစာရင်းကောက်ယူရာမှာ အသုံးပြုမယ့် မေးခွန်းပုံစံပြုစုဖို့အတွက် အချက်အလက်အသုံး ပြုသူတွေရဲ့ အလုပ်ရုံဆွေးနွေးပွဲကို မတ် ၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်စဉ် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုခဲ့တာပါ။

သန်းခေါင်စာရင်းကောက်ယူရာမှာ ရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ ညသန်းခေါင်းချိန်ကို သတ်မှတ်ပြီး နောက်တစ်နေ့ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၁၅ ရက်ကြာ ကောက်ယူသွား မယ်လို့ ဆိုပါတယ်။

လက်ရှိမှာ သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်တာ၊ စာရင်းကောက်ယူတာ၊ စာရင်းပြုစုတာနဲ့ အစီရင်ခံ စာ ထုတ်ပြန်တာတွေကို ဆောင်ရွက်နေပြီး လာမယ့်နှစ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာကနေ ၂၀၂၆ ခုနှစ် မတ်အထိ လုပ်ငန်းစဉ် ၄ ရပ်နဲ့ ၅၄ လကြာ ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီအ နေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မသေချာမရေရာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အခုနှစ်အတွင်း ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးမှာ တစ်ပြိုင်နက်ထဲကျင်းပဖို့ ဖြစ်နိုင်စရာမရှိဘူးလို့ ဝေဖန်ပါတယ်။

“ဒီနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မသေချာမရေရာတဲ့အခြေအနေတွေ သူတို့ (စကစ) ရင်ဆိုင်နေရတဲ့ အတွက် ဒီမဲစာရင်းကောက်ယူမှုကိစ္စတွေကိုတောင်မှ လေးနှစ်လောက် အချိန်ပေးထားရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့စိတ်ကူးယဉ်နေတဲ့ ရွေးကောက်ပွဲကတော့ ၂၀၂၃ ခုနှစ်မှာ တစ်ပြည်လုံးမှာ တစ်ပြိုင်နက်ထဲ ဖြစ်နိုင်စရာအကြောင်းလည်း မရှိပါဘူး။ အဲဒီအနေအထားကို အခုကတော့ ထုတ်ဖော်ဝန်ခံထားတဲ့ သဘောနဲ့ အခုက မဲစာရင်းကောက်ယူမှု၊ လူဦးရေစာရင်းကောက်ယူမှုတွေကို အဲဒီလောက်အထိ အချိန်ယူပြီးတော့ လှုပ်ရှားမယ်လို့ သူတို့ကြေညာလိုက်တာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာလည်း စစ်ခေါင်းဆောင်က အချက်အလက်မှန်ကန်ရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူဖို့လိုကြောင်းနဲ့ ပြန်လည်ကောက်ယူနိုင်မှသာ မဲစာရင်းမှန်နိုင်မယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိတိုးထားတဲ့ အရေးပေါ်ကာလသက်တမ်း ၆ လကုန်ဆုံးမယ့် ဇူလိုင်လကုန်မှာ နိုင်ငံဟာ သာမာန်အခြေအနေမဖြစ်ရင် ရွေးကောက်ပွဲမကျင်းပနိုင်ရင် ဆက်လက်ပြီး အာဏာရယူမယ့် အခြားသောနည်းလမ်းတွေလည်း လုပ်ဆောင်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်တာ တွေလည်း ရှိနေပါတယ်။

လေးနှစ်အချိန်ယူထားတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းစဉ်တွေထဲက စာရင်း ကောက်ယူခြင်းမှာတော့ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူတဲ့စနစ်ကို အသုံးပြုပြီး စာရင်းကောက်တွေက တစ်အိမ်တက်တစ်အိမ်ဆင်း Mobile Tablet တွေနဲ့ ကောက်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းသတင်းထုတ်ပြန်ပါတယ်။

၂၀၁၄ ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကနေ ကောက်ယူထားတဲ့ လူဦးရေကိုအခြေခံပြီး ခန့်မှန်းတွက်ချက်ထားမှုအရ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ခန့်မှန်းလူဦးရေ ၅၅ ဒဿမ ၈ သန်းရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.