မော်လမြိုင်၊ မတ်(၉)

မွန်ပြည်နယ်မှာ စစ်ကောင်စီ ကျင်းပပြုလုပ်တဲ့ အခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ လျှောက်ထားသူ တွေထဲမှာ ၉၃ ရာခိုင်နှုန်းနီးပါး လာရောက်ဖြေဆိုခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံး အချက်အလက်တွေအရ သိရပါတယ်။

ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ လျှောက်ထားသူ ၆၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ၅၈၀၀ နီးပါး လာရောက်ဖြေဆိုခဲ့ကာ ပျက်ကွက်သူ ၄၅၂ ဦး ရှိခဲ့တာပါ။

တက္ကသိုလ်ဝင်တန်းဖြေဆိုသူ နည်းပါးခဲ့တဲ့အတွက် ပြည်နယ်တစ်ခုလုံးမှာ စာစစ်ဌာန ၂၃ ခုသာ ဖွင့်လှစ်ခဲ့ပြီး ကျောင်းပေါင်းဖြေဆိုတာတွေ လုပ်ဆောင်ခဲ့ရတာပါ။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုတဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီဘက်က လုံခြုံရေး တင်းကျပ်ထား သလို လမ်းတချို့ကိုလည်း ယာယီပိတ်ဆို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၂၉၀၀၀ နီးပါး၊ ၂၀၂၀ ခုနှစ် မှာ ၃၀၀၀၀ ကျော် ရှိခဲ့တာပါ။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာ ၂၀၂၂ ခုနှစ်က တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲလာရောက် မဖြေဆိုသူတွေကို အခြေခံသင်ရိုး အပြောင်းအလဲ ဖြစ်တာ ကြောင့် နောက်ဆုံးအကြိမ် ကျင်းပပြုလုပ်ပေးတာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာမသိမ်းခင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုဖို့ လျှောက်ထားသူ နှစ်စဉ် (၉)သိန်းကျော် ရှိခဲ့ရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ သိသိသာသာ လျော့ကျသွားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.