ကျောက်တလုံး၊ မတ် (၉)

တပ်အင်အားနည်းပါးလာတဲ့ စစ်ကောင်စီတပ်ဟာ စစ်အာဏာရှင်စနစ် ရှင်သန်ရေးအတွက် ပအိုဝ်းပြည် သူ့စစ်တွေကို တိုက်ပွဲတွေမှာအသုံးချဖို့ ကြိုးပမ်းလာတယ်လို့ ပအိုဝ်းတော်လှန်ရေး အင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ မနက်ပိုင်းက ပအိုဝ်းပြည်သူ့စစ် PNO/ PNA အဖွဲ့ ခေါင်းဆောင် ဦးအောင်ခမ်းထီးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောက်တလုံးမြို့နယ်မှာ နေထိုင်တဲ့ ဦးအောင်ခမ်းထီးရဲ့နေအိမ်ကို စစ်ခေါင်းဆောင်က ရဟတ်ယာဉ်(၂)စီးနဲ့လာပြီး တွေ့ဆုံသွားတာပါ။

ဒီတွေ့ဆုံမှုကို နှစ်ဖက်စလုံးက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိပေမယ့် စစ်ခေါင်းဆောင်နဲ့ တွေ့ ဆုံမှုအပြီး မတ် ၇ ရက်နေ့ ညနေပိုင်းမှာတော့ ပအိုဝ်းလူငယ်တွေ ပအိုဝ်းပြည်သူ့စစ် PNO/PNA မှာ စစ်မှူထမ်းကြဖို့နဲ့ စစ်မှုမထမ်းတဲ့သူတွေဟာ မျိုးချစ်စိတ်မရှိသူတွေဖြစ်တယ်လို့ ပအိုဝ်းပြည်သူ့စစ် PNO/PNA က ပအိုဝ်းဘာသာနဲ့ ထုတ်ပြန်လာတာပါ။

အမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကတော့ ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့ ခေါင်းဆောင်ကို အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ လာရောက်တွေ့ဆုံမှုဟာ ပအိုဝ်းပြည်သူ့စစ်တွေကို တိုက်ပွဲတွေမှာ အသုံးချဖို့နဲ့ စစ်ကောင်စီတပ်အင်အား နည်းပါးလာတဲ့ နေရာတွေမှာ အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီနေ့အခါမှာ စစ်ကောင်စီအတွက်က စစ်အင်အားတွေက တစ်နေ့တခြားနည်းပါးလာတယ်။ အဲဒီလို စစ်အင် အားတွေ နည်းပါးလာတာနဲ့အမျှ ကျွန်တော်တို့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက အသုံးချလို့ရသမျှ သူအသုံးချပြီးတော့ ဒါသူကတော့ အစားထိုးမှာပါပဲ။ အထူးအားဖြင့်တော့ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်းမှာ ဆိုရင်လည်းပဲ ဒါစစ်ကောင်စီက သူ့ရဲ့ လက်အောက်ခံပေါ့နော် ပြည်သူ့စစ်အဖွဲ့အစည်း တွေနဲ့ အဲဒီနေရာမှာ သူ အစားထိုးပြီးတော့ ကာကွယ်မှုတွေ လုပ်မှာ ဖြစ်ပါတယ်” လို့ဆိုပါတယ်။

ဒါ့အပြင် ပအိုဝ်းပြည်သူ့စစ် PNO/PNA အနေနဲ့ စစ်ကောင်စီတပ်က ပအိုဝ်းပြည်သူတွေကို လူသားဒိုင်းအဖြစ်အ သုံးချတာ၊ ပအိုဝ်းလူမျိုးအပါအဝင် တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲရန်တိုက်ပေးတာတွေ၊ တိုက်ပွဲတွေမှာ အသုံးချဖို့ ကြိုးပမ်းမှုတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ စစ်ကောင်စီနဲ့ ပူး ပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ ခွန်မြင့်ထွန်းက တိုက်တွန်းတာပါ။

ပြီးခဲ့တဲ့ မတ်လအစောပိုင်းကလည်း ရှမ်း-ကယားနယ်စပ်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲတွေမှာ PNA က စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့တဲ့အတွက် (၁၅) ဦးလောက်သေဆုံးခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ဆွမ်းကပ်ဖို့ စီစဉ်တာတွေလုပ်ခဲ့ပေမယ့် PNA က ခွင့်မပြုခဲ့ဘူးလို့ ဒေသတွင်းသတင်းတွေက ဆိုထားပါတယ်။

နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ ပအိုဝ်းရဲဘော်တစ်ဦးက ပအိုဝ်းပြည်သူ့စစ် PNO/PNA ဟာ စစ်တပ် အာဏာသိမ်းချိန်ထဲက စစ်ကောင်စီအလိုကျ ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးတာနဲ့ ရန်သူနဲ့ ပူးပေါင်း ခဲ့တာတွေအတွက် ရန်သူလိုပဲ တိုက်ထုတ်သွားမယ်လို့ ပြောပါတယ်။

“အာဏာသိမ်းစကလည်း ကျွန်တော်တို့ ဆန္ဒပြတုန်းကလည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ အကြမ်းဖက်နှိမ် နှင်းတာတွေကိုလည်း လုပ်တယ်ပေါ့နော်။ ကျွန်တော်တို့ရှမ်းတောင်မှာလည်း သူတို့ကိုယ်တိုင် လိုက်လံဖမ်းဆီးတာတွေ၊ ပအိုဝ်ဒေသတွင်းမှာ လိုက်လံဖမ်းဆီးတာတွေရှိတယ်။ အဲဒီကတည်းက ကျွန်တော်တို့တွေက ရန်သူနဲ့ ပေါင်းရင် ရန်သူပဲဗျ။ တကယ်လို့ ပြည်သူဖက်ကိုပါလာမယ်ဆိုရင်လည်း ကျွန်တော်တို့က မိတ်ဆွေလိုပဲ သတ်မှတ်ပြီးတော့ စကားပြောဆိုဆက်ဆံပြီးတော့ ညှိနှိုင်းတာမျိုးလုပ်လို့ ရတာပေါ့။ အခုအနေအထားအရ ရန်သူဖြစ်တဲ့အတွက် ရန်သူတွေနဲ့ ပေါင်းနေတဲ့အတွက်ကြောင့် ရန်သူလိုပဲ သဘောထားပြီးတော့ တိုက်ရမှာပေါ့နော်။ပအိုဝ်းပြည်သူ့စစ်အဖွဲ့လို့ လူသိများတဲ့ PNA အဖွဲ့ကို ၁၉၄၉ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပြီး ပအိုဝ်းအမျိုးသားအ ဖွဲ့ချုပ်ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ၁၉၉၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ စစ်အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးခဲ့ကာ ငြိမ်းချမ်းရေး ရယူခဲ့ပါတယ်။အဲဒီနောက်မှာတော့ အသွင်ပြောင်းပြည်သူ့စစ်အနေနဲ့ ဆက်လက်ရပ်ခဲ့သလို တစ်ဖက်မှာလည်း နိုင်ငံရေးပါတီ တစ်ရပ်အသွင်နဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။စစ်ခေါင်းဆောင် လာရောက်တွေ့ဆုံမှုအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNO/PNA ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး PNA တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.