ဖာပွန်၊ မတ်(၈)
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာ လေကြောင်းတိုက်ခိုက်မှု ပိုမိုအ သုံးပြုလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ(၁)လအတွင်း အရပ်သားပြည်သူ(၃) ဦး သေဆုံးပြီး နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ တပ်မဟာ(၅)က မတ် ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ (၁)လအတွင်း ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ အရပ်သားပြည်သူတွေရဲ့ လယ်ယာ ဥယျာဉ်ခြံမြေတွေနဲ့ နေရာထိုင်ရာကျေးရွာထဲကို စစ်ကောင်စီရဲ့ လေယာဉ်တွေက (၇)ကြိမ်ရောက်ရှိလာပြီး အကြီးစားဗုံးဆံ(၄၄)လုံး လာရောက်ကြဲချသွားခဲ့သလို လက်နက်ကြီး(၅၆)လုံး ပစ်ခတ်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလို အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါ ရီလ (၁)လ အတွင်း အရပ်သားပြည်သူ(၃)ဦး သေဆုံးကာ (၄)ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ်(၃၆)လုံး ထိမှန်မီးလောင် ပျက်စီးသွားတဲ့အပြင် ကား(၁)စီး၊ ဆိုင်ကယ်(၂)စီး၊ ဆန်ကြိတ်စက်(၁)လုံး၊ လယ်ထွန်စက်(၄)စီး၊ မီးစက်(၁) လုံး၊ အင်တာနက်ဝိုင်ဖိုင်တစ်ချပ်နဲ့ အခြားဆက်စပ်ပစ္စည်းတွေပါ ပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။
ဒါ့အပြင် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ် BGF တို့အကြား ဖေဖော်ဝါရီ လ(၁)လတာ အတွင်းမှာ တိုက်ပေါင်း(၁၇၈)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ BGF ဘက်က ဗိုလ်ကြီးအဆင့် (၁)ဦးအ ပါအဝင် (၆၉)ဦးသေဆုံးပြီး (၄၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တပ်မဟာ(၅)ဘက်ကလည်း ရဲဘေ်ာ (၂)ဦး ကျဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU -Mutraw News