ညောင်လေးပင်၊ မတ်(၈)
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် အများဆုံးရှိတဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ကျေးရွာ ၆ ရွာက ဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ KNU က မတ် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇)နဲ့ (၂၈)ရက်နေ့တို့မှာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ခင်ကန့်လန့်၊ ရေတွင်း ကုန်းနဲ့ အင်းပရိကျေးရွာတွေထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ် လိန်ပင်ဝဲနဲ့ သစ်ဖရောင်းတန်းကျေးရွာထဲကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒီလို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် လိန်ပင်ဝဲကျေးရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ်(၃)လုံး မီးလောင်ပြာကျ ပျက်စီးသွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ(၁)ရက်နေ့၊ (၃)ရက်နေ့နဲ့ (၄)ရက်နေ့တို့မှာလည်း KNU ကျောက်ကြီးမြို့နယ် သစ်ဖ ရောင်းတန်းကျေးရွာနဲ့ ဟင်္သာဝဲကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ သစ်ဖရောင်းတန်းကျေးရွာက ဒေသခံတွေရဲ့ နေအိမ်(၂)လုံး ထပ်မံပျက်စီးခဲ့ပါတယ်။
ဒီလို ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့အတွက် ကျီးပင်စု၊ လိန်ပင်ဝဲ၊ သစ်ဖရောင်းတန်း၊ ဝဲမှူး၊ ကျည်စုနဲ့ အလယ်ကျွန်းကျေးရွာ အပါအဝင် ကျေးရွာ(၆)ရွာက ဒေသခံ ပြည်သူလူထု (၃၁၇၄)ဦးဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU က ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေဟာ အနီးအနားရှိ ဘေးလွတ်ရာနေရာ၊ ကျေးရွာတွေနဲ့ ဆွေမျိုးသားချင်းထံမှာ ခိုလှုံနေကြရပြီး စစ်ဘေးရှောင်ပြည်သူများအတွက် KNU ကျောက်ကြီးမြို့နယ်တာဝန်ရှိ သူတွေက ဆေးဝါး၊ အမိုးအကာတွေကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပေမယ့် လိုအပ်ချက်များစွာရှိနေသေး တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ဘေးရှောင်ပြည်သူ ၁၄၀၀၀၀ ကျော်အထိ ရှိလာပြီး လူသားချင်းစာနာမှု အကူအညီတွေလည်း အများအပြားလိုအပ်လျက်ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေးကွန်ယက် KPSN ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်