မော်လမြိုင်၊ မတ်(၈)

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ အိုးဘိုအကျဉ်းထောင်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်း ထောင်တွေထဲမှာ လူ့အခွင့်အရေးအချိုးဖောက်ဆုံး ထောင်ဖြစ်လာသလို နိုင်ငံရေးအကျဉ်းသားတွေ အဆိုးဝါးဆုံး ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေနဲ့ မိသားစုဝင်တွေက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ အိုးဘိုအကျဉ်းထောင်ဝန်းထမ်းတွေက နိုင်ငံရေးအကျဉ်းသား တွေကို အကြမ်းဖက်ရိုက်နှက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်အတွက် အာဏာ ရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး (AFCC-Mdy)က မတ်(၇)ရက်နေ့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။

လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦး ဖြစ်တဲ့ ဒေါ်အန်နာကတော့ အိုးဘိုအကျဉ်းထောင်ဟာ စစ်တပ် အာဏာ သိမ်းပြီးနောက် အရက်စက်ဆုံးနဲ့ အနှိပ်စက်ဆုံး အကျည်းထောင်တစ်ခုဖြစ်လာသလို နိုင်ငံ ရေး အကျဉ်းသားတွေအတွက် အစားအသောက်တွေ သယ်ယူခွင့်မပေးထားတဲ့အထိ အခြေအနေ ဆိုးဝါးလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ အိုးဘိုထောင်ဆိုတာ အရက်စက်ဆုံး၊ အနှိပ်စက်ဆုံးနဲ့ သတင်းအမှောင်အချထားဆုံး ထောင်ဖြစ်တယ်။ ရာနှုန်းပြည့် လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ထောင်ဖြစ်တယ်။ အိုးဘိုထောင်ဖြစ်စဉ်မှာဆိုရင် အများစုက ထောင်ချခံရပြီးသူတွေဖြစ်လို့ ရှေ့နေနဲ့တွေ့ခွင့်မရဘူး။ ကူညီပေးဖို့ခက်ခဲတဲ့ အခြေအ နေမှာ ရှိနေပါတယ်”လို့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦီးဖြစ်တဲ့ ဒေါ်အန်နာက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အိုဘိုးအကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ရိုက်နှက်မှု ဖြစ်စဉ်ဟာ အကျဉ်းထောင်အတွင်း ကြိုတင်အသိမပေးဘဲ ရေချိုးချိန်ပြောင်းသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသူ တစ်ဦးနဲ့ ထောင်ဝန်ထမ်း အမျိုး သမီးတစ်ဦးတို့ စကားများရန်ဖြစ်ရာကနေ အာဏာပိုင်တွေနဲ့ ဝန်ထမ်းတွေက အချုပ်ဆောင်၊ ထောင်ကျဆောင် အပါအဝင် ဆေးရုံဆောင်တွေမှာ ရှိနေကြတဲ့ အကျဉ်းသားတွေကို အင်အားအလုံးအရင်းနဲ့ အကြောင်းမဲ့ ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။

အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးကုသခွင့် မပေးဘဲ တိုက်ပိတ်တာ၊ ထောင်ပြောင်းတာအပြင် ရေပေးမချိုးတာ၊ ထမင်း တစ်နပ်ပဲကျွေးတော့တာ၊ သောက်ရေပါ ဖြတ်တောက်ထားတဲ့အတွက် အိမ်သာရေပဲ အသုံးပြုနေရတယ်လို့ သိရပါတယ်။

အကြမ်းဖက်ရိုက်နှက်မှု ဖြစ်စဉ်ပြီးနောက် အကျဉ်းထောင်ရွှေ့ပြောင်းလိုက်တဲ့ အကျဉ်းသူတွေရဲ့ မိသားစုဝင်တွေကိုလည်း ထောင်ရွှေ့ပြောင်းကြောင်း အသိမပေးခဲ့သလို လာရောက်စုံစမ်းချိန်မှာလည်း ပြောင်းရွှေ့လိုက်တဲ့ထောင်ကို သိခွင့်မရဘူးလို့ နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ မိခင်ကပြောပါတယ်။

“ကျွန်မသမီးနှာရိုးကျိုးတဲ့ ဒဏ်ရာရတယ်။ မနက် (၃)နာရီကြီး ကားပေါ်တင်သွားပြီး ထောင်ပြောင်းတယ်လို့ သိရတယ်။ ဆေးကုသမှု ကောင်းကောင်းမခံရဘူး။ အိမ်သာရေတွေသုံးပြီး နေနေရတယ်။ ပြစ်ဒဏ်ဆောင်ကို ပို့ခံရတယ်။ ထောင်ပြောင်းတာဘယ်ထောင်လဲဆိုတာစုံစမ်း မရဘူး။ ကျွန်မသမီးကို ဓားနဲ့အမွှန်းခံရတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြအနေနဲ့ပါ” လို့ အကျဉ်းသူတစ်ဦီးရဲ့ မိခင်က ပြောပြပါတယ်။

အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အကြမ်းဖက် ရိုက်နှက်ခံရတဲ့ အခြေအနေနဲ့ပက်သက်ပြီး နိုင်ငံတကာကြက်ခြေနီကော်မတီထံ အကူအညီ တောင်းခံခဲ့ပေမယ့် လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန် ကြီးဌာနကတော့ အိုးဘိုအကျဉ်းထောင်အတွင်း အကြမ်းဖက်ရိုက်နှက်ခံရတဲ့ ဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသူ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၂၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အိုးဘိုအကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ရိုက်နှက်မှုဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ့ ၂ ဦး ဖမ်းဆီးခဲ့သလို သူတို့နဲ့အတူ နိုင်ငံရေးအကျဉ်းသား တစ်ဦးကိုလည်း စစ်ကြောရေးသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.