သထုံ၊ မတ်(၈)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ် ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မတ် ၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၁) နဲ့ အမှတ် (၄၀၂) အမြောက်တပ်ရင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်က ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုပြီးနောက် သထုံမြို့နယ် ကြာပန်းကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၄) တပ်ရင်းကနေ ကျုံမိန်ကျေးရွာထဲကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကျုံမိန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် အသက် ၇ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦးနဲ့ နောက်ထပ် ကလေးငယ်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၂ ဦးကို ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) သထုံခရိုင် ဖလံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သထုံမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေကနေ ကျေးရွာတွေထဲကို လက်နက်ကြီး မကြာခဏ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ထက်မနည်း သေဆုံးထားပြီး ၁၅ ဦးကျော် ဒဏ်ရာရရှိထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.