မော်လမြိုင် ၊ မတ် (၈)
မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း MSMEs တွေအနေနဲ့ ဒေသတစ်ခု ထုတ်ကုန်တစ်ခုထုတ်လုပ်ဖို့နဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ပြည်ပတင်ပို့နိုင်တဲ့အထိ ဆောင်ရွက်ကြဖို့ စစ်ကောင်စီက ပြောဆိုလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြည်နယ်အတွင်းရှိ မြို့နယ်တစ်ချို့မှာ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွား ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီရဲ့ MSMEs စကားဝိုင်းဆွေးနွေးပွဲတွေကို ဆက်တိုက်ပြုလုပ်နေပြီး အထိနာနေတဲ့ MSMEs ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းလာတာပါ။
ဇန်နဝါရီကနေ မတ်လအထိ ၃ လတာအတွင်းမှာ မော်လမြိုင်၊ ချောင်းဆုံ၊မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ MSMEs စကားဝိုင်းဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။
စကားဝိုင်းဆွေးနွေးပွဲတွေမှာတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးထွက်ကုန်တွေ၊ စက်မှုနဲ့ MSMEs ၊မြေယာ၊ ရင်းနှီးမြုပ်နှံမှု၊ နည်းပညာဖွံဖြိုးတိုးတက်ရေး ၊ ဈေးကွက်ရရှိရေး၊ အခွန် ၊ ဘဏ်လုပ်ငန်းတွေ ၊ လူ့အစွမ်းအား အရင်းအမြစ်ဖွံဖြိုးရေးနဲ့ ပုဂ္ဂလိကလုပ်ငန်းစတဲ့ ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းမှုကြောင့် အထိနာခဲ့တဲ့ MSME လုပ်ငန်းတွေ ပြန်လည် ဖွံ့ဖြိုးရေးဆောင်ရွက်ကြဖို့နဲ့ ပြည်ပပို့နိုင်တဲ့အထိ ကုန်ပစ္စည်းတွေထုတ်လုပ်ကြဖို့အတွက် ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်ဆောင်နေပေမယ့် လျှပ်စစ်မီးကိုပင် လောက်ငှအောင် မပေးနိုင်ပါဘူး။
အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ လျှပ်စစ်မီး မမှန်တာ၊ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လုပ်သားရှားပါးမှု အခက်အခဲတွေကြောင့် MSME လုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ အခက်ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့က အဓိက လျှပ်စစ်မီးကိုအသုံးပြုပြီး လုပ်ရတာမို့ မီးပျက်တဲ့အတွက် မီးစက်ဆင်ရတယ်။ နောက် ပြီးတော့ နိုင်ငံရေးက အခြေအနေမကောင်းဘူး။ ငွေကြေးက မတရားဖောင်းပွနေတာဖြစ်တဲ့အတွက် ဒီမှာရှိတဲ့ လုပ်သားတွေက နိုင်ငံခြားကို ထွက်ကုန်တာတို့ ကြောင့် လုပ်သားရှားပါးတဲ့ ပြဿနာတွေ ရှိတယ်။ နောက်ပြီး လျှပ်စစ်မီး အလုံအလောက်မရတဲ့ ပြဿနာတွေရှိတယ်။ နောက်ကုန်ဈေးနှုန်းဈေးတက်တဲ့အတွက် ကုန်ကြမ်း တွေက ဈေးလိုက်တက်ကုန်တယ်။ ကျွန်တော်တို့မှာ အမြတ်မကျန်လောက်တဲ့အထိကို ဖြစ်သွားတာလည်း ရှိတယ်။ အဓိက အဲဒီ (အခက်အခဲ) ၃ မျိုးပေါ့”လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှု ခပ်စိပ်စိပ်ဖြစ်နေပြီး လျှပ်စစ်ဓာတ်အားရရှိမှုဟာ ၂၄ နာရီမှာ ၅ နာရီဝန်းကျင်သာရရှိပြီး အလှည့်ကျစနစ်နဲ့ ဓာတ်အားထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။
MSMEs လုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း လျှပ်စစ်မီးမမှန်တာ၊ ကုန်ကြမ်းပစ္စည်း ဈေးနှုန်း အဆမတန်မြင့်တက်နေတာ၊ သယ်ယူပို့ဆောင်ရေးနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ မနည်းကြိုးပမ်းရုန်းကန်နေရတာပါ။
နိုင်ငံတဝန်းမှာ ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေအရ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေထဲက MSME လုပ်ငန်း သတ် မှတ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းပေါင်း ၄၅,၀၀၀ ကျော်ရှိနေပြီး အခြားဝန်ကြီးဌာနတွေမှာ မှတ်ပုံတင်ထား တဲ့ လုပ်ငန်း ၂၅၀,၀၀၀ ကျော်လည်း ရှိနေပါတယ်။
ဒါပေမဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲအကျိုးဆက် မြန်မာ့ငွေကြေးဖောင်းပွမှုကြောင့် စက်သုံးဆီအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကြောင့် MSME လုပ်ငန်းတွေဟာ နာလန်မထူနိုင်တဲ့ အနေအထားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်