မြိုင် – မတ်(၆)

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို Drop Bomb၊ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် (၇) ဦးသေဆုံးပြီး (၁၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၄) ရက်နဲ့ (၅) ရက်နေ့တွေမှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့သူတွေကို မြိုင်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“အတွင်းသတင်းအရ စခ ဆရာစိုး | ဝင်းမင်း |မျိုးမင်းအောင် |မောင်ဦး နဲ့ စိုးမင်းထွန်း တို့ စစ်ကောင်စီတပ်သားငါး​ယောက်သေဆုံးပြီး ပျူ​စောထီးအောင်မျိုးဦး နဲ့ မနှင်းရွှေ သေဆုံး သည်ကို အတွင်းသတင်းအရ အတိအကျသိရှိရပါတယ်။ စစ်တပ်နဲ့ပျူ (၁၄) ယောက် အပြင်း အထန် ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရတယ်” လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာ ကပြောပါတယ်။

ကန်နီပျူရွာကနေ မြိုင်မြို့ပေါ်ကို စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး မိသားစု ဝင်တွေကို ကနီးနဲ့ မြိုင်ကြားမှာ မိုင်းဆွဲတိုက်ခိုက်တာ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်တာ၊Drop Bomb တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် မြိုင်မြို့နယ်မှာ ညအိပ်ရပ်နားလိုက်ရတယ်လို့ သိရပါတယ်။

ညအိပ်ရပ်နားလိုက်ရတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးမိသားစုဝင်တွေကို မတ်လ(၅) ရက်နေ့ မနက်ပိုင်းမှာ ညောင်ပင်ရွာ မြောက်ဘက်လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ (၉) ယောက်ဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါသေးတယ်။

ဒါ့အပြင် မတ်လ(၅) ရက်နေ့ နေ့လည်ပိုင်းမှာလည်း ပေါက်ပြင်ရွာ မြောက်ဘက်မှာ မိုင်ဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား(၇) ဦး ဒဏ်ရာရရှိပြီး နေ့လည်ပိုင်းမှာ ကျောင်းကုန်းရွာနဲ့ သံပုရာခြံရွာကြားမှာ စစ်ကောင်စီတပ်သားတွေကို Drop Bomb နဲ့ တိုက်ခိုက်ခဲ့လို (၅) ဦးထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စျေးဝယ်ထွက်လာတဲ့ ပျူစောထီးတွေဟာ တစ်ဦးကို တစ်သိန်းကျပ်နဲ့ စစ်ကောင်စီတပ်သားတွေ ကို လုံခြုံရေးယူ ခိုင်းခဲ့တာဖြစ်တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖတပ်ရင်း(၂) ခွဲ (၃)၊(၄) နဲ့ မြိုင် ပ.ကဖ ဗိုလ်လင်းမြွေတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.