မဲဆောက်၊ မတ် ၆

ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်နေရာမှာ ဒီကနေ့ မတ်လ ၆ ရက်နေ့ ညနေ (၅)နာရီက မြန်မာနိုင်ငံသားလူငယ်တွေ ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပွဲတစ်ခုကျင်းပခဲ့ပါတယ်။

အဲဒီပွဲကို Green Land -စိမ်းလန်းမြေ တောင်တန်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က ကျင်းပခဲ့တာဖြစ်ပြီး မဲဆောက်ရောက်တော်လှန်ရေးအင်အားစုတွေ အများစုတက်ရောက်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို တော်လှန်ရေးလုပ်ရင်း ကျွဲကူးရေပါလုပ်ဆောင်သွားရမယ့်လုပ်ငန်းစဉ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကို သိရှိနားလည်စေဖို့အတွက် ကျင်းပခဲ့တာလို့ Green Land -စိမ်းလန်းမြေအဖွဲ့ရဲ့ ဦးဆောင်သူ ဒေါ်တူးမေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

“ကျွန်မတို့ တော်လှန်ရေးကာလမှာ တစ်ပါတည်းလုပ်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ တောင်တန်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလည်းပါပါတယ်။တောင်တန်းဒေသဟာ အရေးပေါ်သဘဝထိန်းသိမ်းရေးလုပ်ရမယ့် အခြေအနေကိုရော်နေပါပြီ။ စစ်ရှောင်တွေများလာပြီဖြစ်တဲ့ တောင်တန်းဒေသမှာ သဘာဝပျက်စီးလို့ အစာကွင်းဆက်၊လူမှုရေးကွင်းဆက်တွေ ပျက်ဆီးနေတာ နှစ် (၆၀)နီးပါးရှိနေတာကြောင့် အခုမှ မထိန်းသိမ်းရင် ကန္တာရဖြစ်တော့မယ်ဆိုတဲ့ အဓိကအချက်ကို အသိပညာပေးချင်တာပါ” လို့ သူမက ဆိုပါတယ်။

Green land အဖွဲ့ဟာ တောင်တန်းဒေသကို သဘာဝ သစ်တောတွေနဲ့စိမ်းလန်းစိုပြေအောင် ပြန်လည်ပျိုးထောင်သွားမယ့် အကျိုးအမြတ်မယူတဲ့အဖွဲ့ဖြစ်ပြီး ပြည်တွင်းမှာ (၃)နှစ်ခန့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်လာခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ခုနှစ်အတွက် တောင်တန်းဒေသမှာ မြေဧကပေါင်း ၆၀) ခန့်မှာ သစ်မာပင်တွေစိုက်ပျိုးဖို့လျာထားပြီး ဒေသခံတွေကိုယ်တိုင်ပါဝင်စိုက်ပျိုးရင်း နှစ်ရှည် စိုက်ပျိုးခကိုပါ ဝင်ငွေအဖြစ် ပေးအပ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ပြန်လည်စိမ်းလန်းစိုပြေအောင်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို ချစ်မြတ်နိုးပြီး သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားသော တက်ကြွရှားလှုပ်သူများ ပြည်တွင်း ပြည်ပမှ လွတ်လပ်စွာ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

သစ်အလွန်အကျွံထုတ်လုပ်မှုတွေ၊ ရွှေ့ပြောင်းတောင်ယာစနစ်အသုံးပြုမှုတွေ၊ မီးသွေးထုတ်လုပ်မှု၊ ထင်းခုတ်မှုတွေ စတဲ့ သစ်တောတွေ ပြုန်းတီးစေမှုတွေကြောင့် ခြောက်သွေ့ပျက်စီးလာတဲ့ တောင်တန်းဒေသကို ပြန်လည်စိမ်းလန်းစိုပြေစေဖို့ “Green Land” အဖွဲ့က တောင်တန်းဒေသရဲ့ မြေဆီလွှာနဲ့ ကိုက်ညီတဲ့ သစ်မာပင် ပျိုးပင်တွေစိုက်ပျိုးမှာဖြစ်ပြီး ရေရှည်စောင့်ကြည့် ပျိုးထောင်သွားမယ့် အစီအစဥ်ကို အကောင်အထည် ဖော်သွားမှာဖြစ်တယ်လို့လည်း သူမကဆိုပါတယ်။

Green Land ရဲ့ လက်ရှိ အသက်အငယ်ဆုံး အဖွဲ့ဝင်ဟာ (၁၄)နှစ်အရွယ် လူငယ်လေးတွေဖြစ်ပြီး အသက် (၇၀) ကျော်အရွယ်တွေအထိ တူညီတဲ့ ရည်ရွယ်ချက်နဲ့ ပြည်တွင်း ပြည်ပမှ တက်ကြွလှုပ်ရှားသူ တွေ ပါဝင်လှုပ်ရှားနေကြတယ်လို့လည်းသိရပါတယ်။

သတင်း၊ ဓာတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.