သံတောင်၊ မတ်(၅)

ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေဖြစ်တဲ့ သံတောင်မြို့ ၁၃ မိုင်နဲ့ လိပ်သို မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မတ် ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကရင်ပြည်နယ် သံတောင်မြို့ ၁၃ မိုင်နဲ့ လိပ်သို မြို့နယ်အတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာပါ။

စစ်ကောင်စီတပ်က မီးရှို့ထားတာကြောင့် ဒေသခံနေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးထားပြီး ပကူး ဘုရားကျောင်းအနီးတစ်ဝိုက်မှာလည်း မီးခိုးလုံးတွေ လှမ်းမြင်နေရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

သံတောင်မြို့ ၁၃ မိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကစပြီး တော်လှန်ရေးအင်အားစုအဖွဲ့နဲ့ စစ်ကောင်စီတပ် တို့အကြား ထိတွေ့ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က သံတောင်မြို့ပေါ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် နေအိမ်တချို့ ထိ ခိုက်ပျက်စီးခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်အများအပြားနဲ့ ကားဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်သွားခဲ့တာပါ။

ဒီလို စစ်ကောင်စီတပ်ရဲ့ လုပ်ဆောင်မှုတွေကြောင့် သံတောင်မြို့ပေါ်ရှိ ဒေသခံပြည်သူလူထုအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး လက်ရှိအချိန်အထိ ဒေသခံအများစုဟာ နေရပ် ပြန်မနေ နိုင်ကြသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တောင်ငူ-လိပ်သိုလမ်းပေါ်ရှိ သံမိုးတောင်နဲ့ မီးခတ်ချောင်းရွာတွေဘက်မှာ စစ်ကောင် စီတပ်က ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေကြသလို သံတောင်မြို့ ၁၃ မိုင် ဘိုတဲကုန်းကျေးရွာထဲကိုလည်း စစ်ကောင်စီတပ်က လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်ရာ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံတချို့ ကို ဖမ်းဆီးသွားခဲ့တာပါ။

KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ သံတောင်မြို့နဲ့ လိပ်သိုမြို့နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးပဋိပက္ခတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေထဲကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ မကြာခဏဆိုသလို လုပ်ဆောင်နေကာ တပ်မဟာ(၂)နယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ (၄၀၀၀၀)နီးပါး ရှိနေတယ်လို့ ကရင်လူမှုအဖွဲ့အစည်းထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.