မော်လမြိုင်၊ မတ်(၅)

မွန်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်တွေဟာ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ်အာဏာသိမ်းမှုကြောင့် ဆက် လက် ရပ်တည်ဖို့ ပိုမိုခက်ခဲလာတာကြောင့် ပျောက်ကွယ်သွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဇာတ် သဘင်လောကသားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇာတ်သဘင်တွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကတည်းက စ တင်ရပ်နားခဲ့ရတာဖြစ်ပြီး အဲဒီနောက်ပိုင်း တကျော့ပြန် စစ်တပ်အာဏာသိမ်းနဲ့အတူ စစ်ကောင်စီရဲ့ ညမထွက်ရအ မိန့် ကန့်သတ်ချက်တွေ၊ တိုင်းပြည်မတည်ငြိမ်တာအပြင် ပွဲပါမစ်မပေးတော့တဲ့အ တွက် ကပြခွင့်မရတာ ၃ နှစ် ကျော်ကြာ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အနုပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေရတဲ့ ဇာတ်သဘင်လောကသားတွေဟာ ပွဲကပြခွင့်မရတာကြောင့် မိသားစု ဝမ်းရေးအတွက် ကြုံရာကျပန်း ဖြေရှင်းနေရသလို အများစုဟာ သဘင်လောကကနေ စွန့်ခွာလာကြတာပါ။

သဘင်သည်တွေဟာ စစ်ကောင်စီလက်ထက်မှာ မိသားစုဝမ်းရေးအတွက် တက္ကဆီမောင်းတာ၊ ပန်းရံလုပ်တာ၊ နေ့စားအငှားလိုက်တာအပြင် တချို့သဘင်သည်တွေကတော့ ပြည်ပနိုင်ငံတွေ ထွက်ပြီး သွားရောက် အလုပ် လုပ်ကိုင်လာကြတယ်လို့ ဇာတ်မင်းသားတစ်ဦးက ပြောပါတယ်။“ဒီ(၃)နှစ် အတိုင်းအတာမှာ မကရတဲ့အချိန်မှာက အိမ်တစ်အိမ်မှာဆိုရင် အငတ်နေလို့မှမရတာ။ ရရာ အလုပ် တော့ မလုပ်နိုင်လည်းလုပ်ရမှာပေါ့။ ပန်းရံလုပ်တယ်။ Taxiမောင်းတဲ့သူမောင်းတယ်။ ဈေးရောင်းတဲ့သူ ရောင်း တယ်။ စုမိလားဆို မစုမိဘူး။ တချို့မိသားစု များတဲ့သူဆိုရင် လောက်တောင်မလောက်ဘူး။ အနုပညာသမား အများစုဆိုတာက ဒီအနုပညာအလုပ်နဲ့ပဲ အသက်မွေး ဝမ်းကျောင်း ပြုနေကြတာလေ။ အပြင်အလုပ်ဆိုတာ ရုတ် တရက်ကြီး မလုပ်တတ်တာတော့ မဟုတ်ဘူး။ အခုအပြင်အလုပ်ဆိုတာလည်း ရှားပြီးလေ။ ထိုင်းတက်တာဘဲ များတယ်။ အဲဒီလို ပွဲနားလိုက်တော့ အခက်အခဲတော့တွေ့တယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ ဇာတ်သဘင်တချို့ကို အလှူမင်္ဂလာပွဲတွေနဲ့ ပွဲတော်တွေမှာဖြေဖျော်ဖို့ အချိန်ပိုင်းငှားရမ်းတာတွေ ရှိပေမယ့် ပွဲတစ်ပွဲကို ကျပ် ၅ သိန်းနဲ့ ၁၀ သိန်းလောက်သာ ရရှိတော့တဲ့အတွက် ဆက်လက် ရပ်တည်ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သဘင်သည်တွေဟာ စစ်ကောင်စီလက်ထက်မှာ မိသားစုဝမ်းရေးအတွက်သာ မနည်းကြိုးပမ်း ရုန်းကန်နေရတာကြောင့် ဇာတ်သဘင်ပညာကို မထိန်းသိမ်းနိုင်တော့ဘူးလို့ သဘင်လောကသားတွေက ဆိုကြပါတယ်။

ဇာတ်သဘင် တည်ထောင်သူတစ်ဦးကလည်း အခုလိုအခြေအနေတွေကြောင့် နောက် ၂ နှစ်အတွင်း ဇာတ်သဘင်တွေ ကပြခွင့်မရပါက သဘင်လောက ပျောက်ကွယ်သွားနိုင်တယ်လို့ သုံးသပ်တာပါ။

“ကျွန်တော်တို့ အလုပ်တွေကလည်း ပွဲတော်ရှိမှဘဲ အလုပ်လုပ်ရတယ် ဆိုတော့လေ။ ရောဂါအခြေ အနေနဲ့၊ နိုင်ငံရေးအခြေအနေနဲ့ဆိုတော့ ပွဲပါမစ်ရဖို့ မလွယ်ဘူး။ ပါမစ်မရှိရင်လည်း ပွဲက ကလို့ မရဘူး။ နောက်ထပ် (၁)နှစ်၊ (၂)နှစ် အဲဒီလိုမျိုးဘဲ ပွဲတွေ မကရဘူးဆိုရင်တော့ ဇာတ်သဘင်က ဘာမှလုပ်လို့ မရတော့ဘူး။ ထိန်း သိမ်းထားဖို့ဆိုတာက အခုလက်ရှိချိန်မှာ လူတွေက အနုပညာသမားက အနုပညာလုပ်ငန်းပဲ လုပ်တတ်တယ်လေ။ အနုပညာလုပ်ငန်းမရှိတဲ့အခါမှာ အပြင်စီးပွားရေးကို ထမင်းစားဖို့အတွက် လုပ်ရတဲ့အခါကျတော့ ရုန်း ကန်နေရတဲ့အချိန်မှာ ဒါကြီးကိုမပျောက်ပျက်အောင် သက်သက်ကြီး ထိန်းသိမ်းဖို့ အချိန်မပေးနိုင်ဘူး။ အခုက ကုန်ဈေးနှုန်းကလည်း ကြီးတယ်။ စီးပွားရေးလုပ်ဖို့အတွက် ပိုက်ဆံတွေကလည်း ရှာနေရတဲ့အခါကျတော့ ဒီအတိုင်းသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဆက်ပြီး အလုပ်မလုပ်ရရင်တော့ သဘင်လောက ကတော့ ပျောက်သွားမှာပေါ့” လို့ ဆိုပါတယ်။

တဖက်မှာတော့ ဇာတ်သဘင်တွေဟာ ပြန်လည်ကပြနိုင်ဖို့ စစ်ကောင်စီဆီကနေ ချေးငွေတွေ ထုတ် ထားပေမယ့် ကပြခွင့်မရတာကြောင့် ချေးငွေပြန်ဆပ်ဖို့ ထပ်မံအခက်ကြုံနေရသလို တချို့ဇာတ်သဘင်တွေကတော့ အပြီးပိုင် ဖျက်သိမ်းလိုက်ရတဲ့အထိ ဖြစ်ပေါ်လာတာပါ။

မွန်ပြည်နယ်မှာတော့ မွန်၊ မြန်မာ ဇာတ်သဘင် ၄၂ ဇာတ်အထိ ရှိနေပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် ပွဲတွေ မကရတော့တဲ့အတွက် ဇာတ်သဘင်တချို့ အပြီးတိုင်ရပ်နားသွားတာကြောင့် ဇာတ်သဘင်ကို မှီခိုလုပ် ကိုင်နေကြတဲ့ သဘင်သည် ထောင်နဲ့ချီ အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.