မော်လမြိုင် ၊ မတ် (၅)

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေး တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ လက်စဖျောက်ခံနေရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဆေးကုသခွင့်အပါအဝင် အကျဉ်းသားအခွင့်အရေး အပြည့်အဝပေးဖို့ တောင်းဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညပိုင်းအချိန်တွေမှာ အင်အားအလုံးအရင်းနဲ့ လာရောက်ခေါ်ဆောင်တာတွေ ရှိနေတာပါ။

စစ်ကောင်စီတပ်က လာရောက်ခေါ်ဆောင်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဟာ ပြန်လည်ရောက်ရှိလာခြင်း မရှိသလို မိသားစုဝင်တွေ ဆက်သွယ်ပါကလည်း အကျဉ်းထောင်ဘက်က အတိအကျ အဖြေမပေးဘူးလို့ သိရ ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးကတော့ နိုင်ငံရေးအကျဉ်းသား လက်စ ဖျောက်ခံရမှုကို မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်အတွင်းရှိစဉ် ၄ ကြိမ်ထက်မနည်း ကြုံခဲ့ရတာလို့ သံလွင် တိုင်းမ်ကို ပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေလုပ်လာတဲ့ လူတွေကိုဆိုရင် ညကြီးသန်းခေါင် အင် အားသုံးပြီးတော့ အနိုင်ကျင့်ပြီးတော့ ခေါ်ထုတ်သွားတယ်။ ဘယ်ကိုခေါ်ထုတ်သွားလဲ မသိဘူး။ နောက်တော့ ကျွန်တော်တို့ ထောင်ကနေ ပျောက်သွားတယ်၊ သတင်းအစအန မရတော့ဘူး။ ကျွန် တော်တို့က ဘယ်မှထွက်လို့မရဘူးလေ။ ဒီသံတိုင် ကြားထဲမှာဘဲ။ သူတို့ လာခေါ်တာက ညကြီး (၁၂)နာရီ (၁)နာရီ အားလုံး အိပ်နေတဲ့ချိန် သူတို့ အင်အားသုံးတယ်။ အပြင်တပ်ဖွဲ့ဝင်တွေ ခေါ်လာတယ်၊ ခေါ်လာပြီးရင် အဲဒီ လူ(၄) (၅) (၁၀)ယောက်ကို သူတို့ နည်းနည်းလေး ဇောင်းထက်တဲ့ လူတွေဆိုရင် ညကြီး အချိန်မတော် လာခေါ်ထုတ်သွားတယ်။ ကျွန်တော်က အဲဒီလိုမျိုး (၄)ကြိမ်လောက် ကြုံဖူးတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လာရောက်ခေါ်ဆောင်သွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လိုက်လံစုံစမ်းတဲ့နေရာမှာ ဘယ်ကို ခေါ်ဆောင်သွားလဲဆိုတာ မိသားစုဝင်တွေ ကိုယ်တိုင် တိတိကျကျ မသိရတာကြောင့် အသက် အန္တရာယ် စိုးရိမ်းရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကို စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက အစားအ သောက်အပါအဝင် သောက်ရေတွေကိုလည်း မသန့်ရှင်းအောင် ပြုလုပ်ပြီး ကျွေးမွေးနေသလို စစ်ဆေးရေးအ ကြောင်းပြပြီး ဖိနှိပ်တာအပြင် မတရားညှဉ်းပန်းနှိပ်စက်တာတွေလည်း လုပ်ဆောင်နေတယ်လို့ နိုင်ငံရေးအကျဉ်း သားတစ်ဦးက ပြောပါတယ်။

“သူတို့က ကိုယ်ထိလက်ရောက် မလုပ်ပေမယ့် တခြားနည်းပရိယာယ်အနေနဲ့ ဥပမာ ညကျရင် အိပ်လို့မရ အောင် အစားအသောက်တွေ၊ ရေမှာ ညစ်ပတ်မှုတွေ လုပ်တယ်။ နေထိုင်မှုစနစ်တွေမှာ ညစ် ပတ်မှုတွေ လုပ်လာတယ်။ နောက်တစ်ခါ စစ်ဆေးရေးအကြောင်းပြပြီးတော့ အခန်းထဲကိုဝင်ရှာတာတို့၊ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို ဖွတာမျိုး မကြာ၊ မကြာ လုပ်တာပေါ့။ ပြစ်မှုကျူးလွန်ရင်တော့ သူများထက်ကိုပိုပြီးတော့ သူက အရေးယူတာပေါ့။ ဥပမာ ခြေချင်းကို (၁၈)လက်မတို့၊လက်မ(၂၀)တို့ မခတ်ဘဲနဲ့ အတိုခတ်တာပေါ့။ ခြေချင်း အတိုဆိုတာ အပေါ့အလေးသွားဖို့ ခက်တယ်၊ လမ်းလျှောက်ရ ခက်တယ်၊ ညအိပ်တဲ့ အခါကျရင် ခတ်တာပေါ့၊ သူတို့က အချိန်ကုန် စိတ်ဒုက္ခရောက်အောင် တစ်ခုပြီးတစ်ခု လုပ်တာပေါ့။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကတော့ ဘယ်လိုပြောမလဲ နည်းပေါင်းစုံနဲ့ ချိုးဖောက်တယ်”လို့ ဆိုပါတယ်။

ကျိုက်မရောဗဟိုအကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ တခြားပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရ တဲ့ အကျဉ်းသားတွေထက် မတရားဖိနှိပ်ခံနေရသလို နိုင်ငံရေးကို နောက်ထပ် မပါဝင်နိုင်အောင် စိတ်ပိုင်းနဲ့ ရုပ် ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေတယ်လို့ ပြန်လည် လွတ် မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဆိုကြပါတယ်။လက်ရှိမှာလည်း စစ်ကောင်စီဟာ နိုင်ငံရေအကျဉ်းသားတွေကို စားသောက်မှုကအစ အပြည့်အဝ ကျွေးမွေးတာ မရှိသလို ကျန်းမာရေး စောင့်ရှောက်မှုတွေမှာပါ အရင်လို ဆေးကုသခွင့်မရတဲ့အတွက် ကျန်းမာရေးမကောင်းသူတွေအနေနဲ့ ပိုမိုဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ဒါအပြင် စစ်ကောင်စီ ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့် မပေးသလို ပါဆယ်ပစ္စည်းပို့ရင်လည်း ကြားဖြတ် ယူဆောင်တာတွေ လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ရန်ကုန်၊ မန္တလေး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးအပါအဝင် အနယ်နယ်ရပ်ရပ်က နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်နဲ့ နိုင်ငံရေးအကျဉ်းသူ ၁၀၀ နီးပါး ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.