မော်လမြိုင်၊ မတ်(၂)

လူတစ်ဦး သေနတ်သုံးလက်အထိ ခွင့်ပြုပေးထားတဲ့ လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားမှုမှာ မွန်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်လာတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စစ်ကောင်စီအရာရှိတွေထံကနေ သိရပါတယ်။

လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ကို အရပ်သားတွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်သားတွေ လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပြီးနောက် အခုလိုလျှောက်ထားလာတာ ဖြစ်ပါတယ်။

လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားမှုမှာ စစ်မှုထမ်းဟောင်းတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

CDM ရဲတပ်ဖွဲ့ဝင် ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီဘက်ရပ်တည်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပါ အဝင် ခိုးမှု၊မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကလွတ်လာသူတွေကိုလည်း လက်နက်ထုတ်ပေးတာတွေရှိကြောင်း ကြားသိနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ သိရှိရသလောက်ဆိုရင်တော့ စစ်မှုထမ်းဟောင်းတွေကို ထုတ်ပေးမယ်။ ပြီးတော့ ကြံ့ ခိုင်ရေး ပါတီဝင်တွေကို ထုတ်ပေးမယ်။ သူတို့ဘက်ကို (စကစ) ရပ်တည်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ထုတ်ပေးမယ်လို့ သိရတယ်။ နောက်တစ်ခုက နည်းနည်းထူးခြားတာတစ်ခုက ထောင်ကလွတ်လာတဲ့ သူခိုး တွေ၊ ဆေးသမားတွေကိုလည်း လက်နက်ကိုင်ဆောင်ခွင့်တွေကို လိုင်စင်နဲ့မ ဟုတ်ဘူး၊ သူတို့ရဲ့ တပ်သားအဖြစ် လက်နက်တွေပေးပြီး အတင်းအကြပ်စေခိုင်းတယ်လို့လည်း ကျွန်တော်တို့ သိရတယ်”လို့ သူက ဆိုပါတယ်။

လက်နက်ကိုင်ခွင့် လျှောက်ထားသူတွေအနေနဲ့ လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ဖို့ အမှန်တ ကယ် လိုအပ်သူဖြစ်ရမှာဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး၊ ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို အနှောင့်အယှက်ပြုနိုင်သူ မဖြစ်စေရဘူးလို့ စစ်ကောင်စီက ဆိုထားပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ထောက်ခံတဲ့သူတွေ၊ ပြည် ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေနဲ့ သတင်းပေးဒလန်တွေကို တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်ရှင်းလင်းတာတွေလည်း ရှိနေတာပါ။

စစ်ကောင်စီရဲ့ လက်နက်ကိုင်ဆောင်ခွင့်မူမှာတော့ အရပ်သားတွေအနေနဲ့ လိုင်စင်နဲ့ လျှောက်ရမှာဖြစ်ပြီး ဒေသန္တရလုံခြုံရေးအဖွဲ့၊ ပြည်သူ့စစ်နဲ့ သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အစည်းတွေကိုတော့ ပါ မစ်နဲ့ သေနတ်ကိုင်ဆောင်ခွင့် လျှောက်ရမှာပါ။

လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားမှာတော့ ၃၈ လက်မနဲ့ အဲဒီထက် ပြောင်းဝငယ်တဲ့ ဆုံလည် သေနတ်၊ ပစ္စတိုသေနတ်၊ ပြောင်းချောသေနတ်၊ အမဲလိုက်သေနတ်နဲ့ လေသေနတ်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားမှာတော့ ၃၈ လက်မနဲ့ အဲဒီထက်ပြောင်းဝကျယ်တဲ့ ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်တွေနဲ့ စက်သေနတ်ကလေးအုပ်စုဝင် သေနတ်တွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ လက်နက်ကိုင်ဆောင်ခွင့်ပေးမှုဟာ စစ်ကောင်စီအနေနဲ့ သူတို့ကို အားပေးထောက်ခံတဲ့ ပုဂ္ဂိုလ်တွေ၊ပတ်သက်သူတွေအပေါ် လုံခြုံရေးမပေးနိုင်တာကို ပြသနေပြီး ပြည်သူအချင်း ချင်း ပဋိပက္ခအသွင်မျိုး ရောက်သွားအောင် တမင်ဖန်တီးတဲ့ လုပ်ဆောင်မှုလို့ ဝေဖန်ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.