မော်လမြိုင် – မတ်(၂)

အာဏာသိမ်းခံရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မြေပြင်နဲ့ အွန်လိုင်း စာသင်ကျောင်းတွေထဲက နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ Free Online Education Institution Myanmar (FOEIM) ကို မတ်လ(၁) ရက်နေ့ကစတင်ပိတ်သိမ်းလိုက်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။

FOEIM ကျောင်းမှ ကျောင်းသား/ကျောင်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က အပြင်ကို ပေါက်ကြားလာတာပါ။

ကျောင်းသားတွေနဲ့ ဆရာ/ဆရာမ တွေရဲ့ လုံခြုံရေးကိုရှေးရှုကာ ကျောင်းပိတ်သိမ်းတော့မှာ ဖြစ်သလို အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ။

ပေါက်ကြားလာတဲ့ အချက်အလက်တွေထဲမှာ ကျောင်းသား/သူတွေရဲ့ အမည်၊ မိဘအမည်နဲ့ ဖုန်းနံပါတ်တွေ ပါဝင်ပြီး အဲဒီအချက်အလက်တွေကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ရေးသားထားတာလည်း တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ကျောင်းလခတွေကောက်ခံပြီး ငွေကြေးတာဝန်ယူမှု မရှိတဲ့ ကျောင်းတည်ထောင်သူ ကိုခန့်သူနဲ့ ကျောင်းပညာသင်ကြားရေး ပျက်စီးအောင်လုပ်သူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၀) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း Kaung For You စာသင်ကျောင်းရဲ့ ငွေကြေးအရှုပ်အရှင်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့ပါသေးတယ်။

အဲဒီလိုပေါက်ကြားပြီးနောက် Kaung For You ကျောင်းက ဆရာ ဆရာမတွေနဲ့ ကျောင်းသားတချို့ကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – FOEIM (Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.