ရန်ကုန် ၊ မတ်(၁)

စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက ပြည်သူတွေဟာ မလုံခြုံမှုတွေကို ဆိုးဝါးစွာ ခံစားနေရပြီး တရားဥပဒေစိုးမိုးရေးကလည်း အသွင်သဏ္ဍာအဖြစ်သာ ရှိနေပေမယ့် အနှစ် သာရမရှိတော့ဘူးလို့ ဥပဒေပညာရှင်နဲ့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးဟာ ရန်ကုန်မြို့ကြီးအပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နေ့ခင်းကြောင် တောင် နေအိမ်နဲ့ဆိုင်ခန်းတွေ ဖောက်ထွင်းခံရတာ၊ ဘဏ်ဓါးပြတိုက်ခံရတာ၊ လမ်းမပေါ်သွားလာသူတွေလည်း ပစ္စည်းလုသတ်ဖြတ်ခံရမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတဲ့အထိ ဆိုးဝါးလာတာပါ။

စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာပါတဲ့ နံပါတ်စဉ် ၁ မှာတော့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေဖို့ အလေးထားလုပ်ဆောင်မယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ နေ့စဉ်ထည့်သွင်းဖော်ပြနေပါတယ်။

ဒါပေမယ့် တရားဥပဒေစိုးမိုးရေးကို စစ်ကောင်စီက အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသလို တရားဥပဒေစိုးမိုးရေး တာဝန်ယူနေရတဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်နဲ့ ဌာနဆိုင်ရာတွေကလည်း ကိုယ်လုံခြုံရေး ကိုယ်တာဝန်ယူရတဲ့ အခြေအနေဖြစ်နေသလို အဂတိလိုက်စားမှုတွေကြောင့် တရားဥပဒေစိုးမိုးရေး ဆုံးရှုံးလာတာ ဖြစ်ပါတယ်။

ပြည်သူတစ်ဦးကတော့ စစ်ကောင်စီလက်ထက်မှာ ခိုးဆိုးလုယက် သတ်ဖြတ်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပေမယ့် အရေးယူပေးနိုင်ခြင်း မရှိတာကြောင့် တရားဥပဒေစိုးမိုးမှု ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့သ ဘောလို့ သူအမြင်ကို အခုလိုပဲ ပြောပါတယ်။

“တရားဥပဒေစိုးမိုးမှုက လုံးဝ ဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့သဘောရှိတယ်။ ဘာလို့ဆို တစ်ချို့နယ်တွေမှာ ဆိုင်ကယ်ကို သေနတ်ထောက်ပြီး ယူသွားတာတို့၊ နောက်ရေးကျုံးမှာဆိုရင် စကားထိုင်ပြောနေတဲ့ အတွဲတွေကို သေနတ်ထောက်ပြီး ဆိုင်ကယ်လုယူသွားတာပေါ့။ လုတဲ့အဆင့်မဟုတ်ဘူး၊ ဒီအတိုင်း သေနတ်ထောက်ပြီး ဆိုင်ကယ်ယူသွားတဲ့ဖြစ်စဉ်က ၄/၅/၁၀ ခုလောက် ရှိတာပေါ့။ အဲဒီဖြစ်စဉ်တွေကလည်း တစ်ခုမှပြန်မမိဘူး။ ဆိုတော့ တရားဥပဒေစိုးမိုးရေးက မြို့ထဲမှာတောင် ဖြစ်နေတဲ့အနေအထားရှိတယ်။နယ်တွေမှာ ပိုဆိုးမှာပေါ့”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လာတိုက်မှာ စိုးရိမ်ပြီး လုံခြုံရေးတင်းကျပ်တာနဲ့ ကင်းလှည့်တာတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေကို လုံခြုံမှုနဲ့ ဥပဒေရဲ့ အကာအကွယ်မပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။

တရားဥပဒေစိုးမိုးရေ ပျက်ပြားသွားတဲ့ အကြောင်းအရင်းတွေထဲမှာ စစ်ကောင်စီက ရာဇဝတ်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်ပေးခဲ့တာတွေရှိနေတဲ့အတွက် မြို့ပေါ်ရပ်ကွက်၊ကျေးရွာတွေမှာ ခိုးဆိုးလုယက်မှုတွေ များလာတာလို့ ဝေဖန်တာတွေ ရှိနေတာပါ။

အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီလက်ထက် ဥပဒေအရ အ ကာအကွယ်ရဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တိုင်ကြားရင်လည်း အရေးယူပေးတာ မရှိဘူးလို့ ဆိုပါတယ်။

“အရင်ကလည်း အမှုတစ်ခုခု ကျွန်တော်တို့ တိုင်လို့ရှိရင် သူတို့က ငွေမျက်နှာနဲ့ပဲ အမှုကို ဖြေရှင်းပေးတာရှိတယ်။ အခုကျ ပိုဆိုးတာပေါ့၊ ငွေမျက်နှာပြပြီးလည်း သူတို့အရေးမယူပေးတဲ့အပိုင်းတွေ အများကြီးရှိတယ်။ အခုလက်ရှိအခြေအနေမှာ တစ်ချို့က ဆိုင်ကယ်ပျောက်တယ်။ အိမ်တွေ ဖောက်ထွင်းခံရတယ်၊ တိုင်တယ်။ တိုင်ပြီးတော့မှ အရေးမယူတာတွေ ရှိတယ်။ တခြားအဲဒီထက် ဘာမှလုပ်ပေးတာ မရှိပါဘူး”လို့ သူက ဆိုပါတယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အကာအကွယ်ပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်အာ ဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို နှိပ်နင်းတာ၊ စုံစမ်းစစ်ဆေးဖမ်းဆီးတာတွေနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်နေရတာလို့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိနေတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ တပ်ရင်းတွေ၊ ရဲစခန်းတွေအပါအဝင် ထောက်ခံတဲ့ပုဂ္ဂိုလ်တွေကို တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်ရှင်းလင်းမှုတွေ ရှိနေတာပါ။

တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေဘက်ကို အားပေးထောက်ခံတဲ့ ပုဂ္ဂိုလ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၊ သွေးသောက်နဲ့ စွန်ရဲစတဲ့အဖွဲ့တွေလည်း ရှိနေပါတယ်။

ဥပဒေပညာရှင်တစ်ဦးကတော့ နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုမရှိဘဲ စစ်မက်ရာဇဝတ်မှုတွေ ထူပြောပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက လုံခြုံမှုတွေ မပေးနိုင်တော့တဲ့အတွက် တရားဥပဒေစိုးမိုးမှု ပျက်ပြားသွားတာလို့ ထောက်ပြပါတယ်။

“နိုင်ငံက တည်ငြိမ်အေးချမ်းမှု မရှိဘူး၊ စစ်မက်တွေထူပြောနေမယ်၊ ရာဇဝတ်မှုတွေ ထူပြောနေမယ်။နောက်တစ်ခါ နိုင်ငံသားတစ်ဦးချင်းစီကလည်း သူတို့ရဲ့ ပုဂ္ဂလိကလွတ်လပ်မှုတွေ မရဘူး၊ပုဂ္ဂလိက လုံခြုံမှုတွေကို မပေးနိုင်ဘူး။အရာရာကို ကြောက်ရွံ့ထိတ်လန့်နေတဲ့အနေအထားမျိုးဆိုရင်တော့ တရားဥပ ဒေစိုးမိုးမှု မရှိဘူး၊ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတယ်လို့ ပြောနိုင်တာပေါ့” လို့ သူက ဆိုပါတယ်။

တရားဥပဒေစိုးမိုးရေးဟာ နိုင်ငံမှာပြဌာန်းထားတဲ့ တည်ဆဲဥပဒေတွေအားလုံး အကျိုးသက်ရောက်မှုရှိရမှာဖြစ်ပြီး တရားဥပဒေစိုးမိုးမှု ရှိ၊မရှိကိုတော့ နိုင်ငံတည်ငြိမ်မှု၊နိုင်ငံသားတစ်ဦးချင်းစီက ပုဂ္ဂလိက လွတ် လပ်မှုနဲ့ လုံခြုံမှုရရှိတဲ့အပေါ် တိုင်းတာပါတယ်။

ကမ္ဘာ့တရားမျှတမှု စီမံကိန်း (WJP) ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၃၉ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု ညွှန်းကိန်းမှာ အဆင့် ၁၂၈ အထိ ရောက်ရှိနေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်ကလည်း တည်ဆဲဥပဒေတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ တရား စီရင်ရေးမှာ ပါဝင်နေသူတွေက လေးစားလိုက်နာတာ မရှိဘဲ ညွှန်ကြားချက်အမိန့်တွေကို လက်တွေ့ ဆောင်ရွက်နေတာကြောင့် တရားဥပဒေစိုးမိုးရေး လုံးဝဆိတ်သုဉ်းသွားတာလို့ ဝေဖန်တာပါ။

“ကျွန်တော်တို့တိုင်းပြည်က တရားဥပဒေစိုးမိုးရေးက လုံးဝဆိတ်သုဉ်းနေပြီ၊ လုံးဝပျောက်ကွယ်သွားပြီ။ဥပဒေသက်ဝင်လှုပ်ရှားမှုတွေလည်း မရှိတော့ဘူး။ တည်ဆဲဥပဒေတွေလည်း သူတို့က (ရဲနဲ့ တရားစီရင်ရေးမှာပါနေသူ) လေးစားတာတွေ၊ လိုက်နာတာတွေ၊ လက်တွေ့အသုံးချတာတွေ မရှိဘဲနဲ့ အကြမ်းဖက်စစ်ကောင်စီက ညွှန်ကြားနေတဲ့ညွှန်ကြားချက်တွေနဲ့ အမိန့်တွေကိုပဲ သူတို့က လက်တွေ့ကျကျ လိုက်ပါဆောင်ရွက်နေတယ်လို့ ကျွန်တော် ရှုမြင်သုံးသပ်တယ်”လို့ သူက ဆိုပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ တရားဥပဒေစိုးမိုးရေးမှာ အခ ရာကျတဲ့ တရားစီရင်ရေးဟာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လွတ်လပ်စွာ စီရင်ခွင့်၊ ခုခံပိုင်ခွင့်နဲ့ အယူခံပိုင်ခွင့်တွေ ပျောက်ဆုံးသွားတယ်လို့ ဆိုကြပါတယ်။

ဥပဒေပညာရှင်တစ်ဦးကတော့ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ မတရားအသင်းဥပဒေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ စွဲထားတဲ့အမှုတွေမှာ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် မရှိတာဟာ တရားစီရင်ရေးအတွက် နစ်နာဆုံးရှုံးမှုလို့ ထောက်ပြပါတယ်။

စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ရာဇဝတ်အမှုပေါင်း ၁၀၇၆ မှု လက်ခံရရှိပြီး ၉၃၆ မှု စစ်ဆေးပြီးပြတ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်တဲ့ တရားရုံးတွေရဲ့ (၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကနေ သိရပါတယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ် တရားလွှတ်တော်တွေမှာလည်း ရာဇဝတ်အမှုပေါင်း ၄၅၀၀ ကျော် လက်ခံရရှိပြီး (အရင်နှစ် အမှုလက်ကျန် ၁၅၇ မှု အပါအဝင်) ၄၆၆၀ ကျော်စစ်ဆေးပြီးပြတ်ခဲ့သလို ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ တိုင်းတရားရုံး၊ဒေသတရားရုံးတွေနဲ့ခရိုင်တရားရုံးတွေမှာရာဇဝတ်အမှုပေါင်း ၂၈၂၀၀ ကျော် လက်ခံရရှိပြီး (အရင်နှစ် အမှုလက်ကျန် ၁၀၄၉ မှု အပါအဝင်) ၂၉၃၀၀ ကျော် စစ်ဆေးပြီးပြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.