မော်လမြိုင် ၊ ဖေဖော်ဝါရီ(၂၈)

နိုင်ငံတဝန်းမှာ တက္ကသိုလ်ဝင်တန်းနဲ့ တက္ကသိုလ်စာမေးပွဲတွေဖြေဆိုဖို့ နီးကပ်လာပေမယ့် စစ်ကောင်စီဘက်က လျှပ်စစ်မီး ပုံမှန်မပေးသေးသလို အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ရှိနေတာကြောင့် စာလုပ်ဖို့ အခက်ကြုံနေရတယ်လို့ ကျောင်းသူ၊ကျောင်းသားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းနဲ့ တက္ကသိုလ်စာမေးပွဲတွေကို လာမယ့် မတ်လ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ဖို့ စစ်ကောင်စီက စီစဉ်ထားတာပါ။ဒါပေမယ့် စာမေးပွဲတွေကျင်းပဖို့ တစ်ပတ်သာလိုတော့ပေမယ့် စစ်ကောင်စီဘက်က လျှပ်စစ်မီး ပုံမှန်မပေးနေသေးတာကြောင့် ကျောင်းသူ၊ကျောင်းသားတွေမှာ စာလုပ်ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

ကျောင်းသူတစ်ဦးကတော့ လျှပ်စစ်မီး ပိုမိုပြတ်တောက်နေတာကြောင့် စာမေးပွဲဖြေဆိုဖို့အတွက် စာလုပ်လို့မရသလို ဖယောင်းတိုင်မီးတွေနဲ့ စာလုပ်နေရတဲ့အတွက် အရင်လိုစာပုံမှန်မပြီးတာကြောင့် စာမေးပွဲဖြေဆိုဖို့တောင် အခက်အခဲရှိလာတယ်လို့ ဆိုပါတယ်။

“အခုမီးက စာမေးပွဲနီးမှပိုပြတ်လာတော့ အခက်အခဲ ရှိတာပေါ့နော်။ သူက ညဘက်တို့၊ မနက်ဘက်တို့ အဲဒီလို ပြတ်တော့ စာလုပ်တဲ့အချိန်လေ။ စာလုပ်တဲ့အချိန်မှာ မီးကပျက်တော့ စာလုပ်လို့မရတော့ဘူးပေါ့။ အခုဆို စာ လုပ်ဖို့ဆိုလို့ရှိရင် ဖယောင်းတိုင် မီးနဲ့ အလုပ်လုပ်ရတော့ အာရုံတွေစိုက်ရတယ်။ အရင်တုန်းက စာ(၃)ပုဒ် (၄)ပုဒ် ပြီးမယ့်နေရာမှာဆို (၁)ပုဒ်ပြီးဖို့ပဲ အနိုင်နိုင်ဖြစ်သွားတာပေါ့။ ဒီအတိုင်းဆို စာမေးပွဲဖြေဖို့အထိတောင် ခက်လာလိမ့်မယ်ထင်တယ်။ စာမေးပွဲအတွင်းတော့ မီးတော့ပုံမှန်ပေးသင့်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စာမေးပွဲဖြေဆိုမယ့် ရက်ပိုင်းအတွင်း လျှပ်စစ်မီးပုံမှန်မရရှိတာကြောင့် ကျောင်းသား၊ ကျောင်း သူတွေဟာ အားသွင်းမီးလုံးတွေနဲ့ ဖယောင်းတိုင်မီးတွေကိုသာ အဓိကထားပြီး စာလုပ်နေရတာကြောင့် အာရုံစူးစိုက်ရတဲ့အတွက် မျက်စိနဲ့အာရုံကြော ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

ပုဂ္ဂလိကကျောင်းမှ ကျောင်းဆရာမတစ်ဦးကလည်း စစ်ကောင်စီက လျှပ်စစ်မီးကို ပုံမှန်မရရှိဘဲ ပေးချင်တဲ့ အချိန်ပေးနေတာကြောင့် ကျောင်းသူကျောင်းသားတွေအတွက် အခက်အခဲရှိပြီး စာကိုစိတ်ဝင်စားမှု လျော့နည်း လာသလို စာမေးပွဲနီးလေ စိတ်ပျက်စရာများလေဖြစ်နေရတယ်လို့ ပြောပါတယ်။

“မီးလာချိန်ကမမှန်၊ သူတို့ရဲ့ အချိန်ဇယားကလည်း Stable မပေးထားဘူးလေ။ ပြတ်ချင်ပြတ်၊ လာချင်လာဆို တော့လည်း အခက်အခဲရှိတယ်။ အစတုန်းက သူတို့က Rotateက (၂)ရက်ပဲ ပေးထားတာ၊ အခုက ပိုပြီးတော့ တစ်ရက်တိုးလာတယ်။ မနက်အစောကြီးတွေ ပြတ်တယ်၊ နေ့လည်ပိုင်းကလည်း လာချင်လာတယ် မလာချင် မလာဘူး။ ညဘက်ကျတော့လည်း အဆင်မပြေဘူးပေါ့။ ကလေးတွေကနေ့ခင်းဘက် ကျူရှင်တွေဘာတွေ သွားနေခဲ့တယ်ဆိုရင်တောင်မှ ညဘက်က အဆင်မပြေဘူးလေ။ စာပုံမှန်ကျက်တော့မယ်ဆိုရင် အဆင်မပြေ ဘူး။ အဓိကတော့ စာကျက်နှုန်းကျဆင်းလာတာပါပ။ ပြောရမယ်ဆို ကလေးတွေက စာမေးပွဲဝင်ဖြေဖို့တောင်မှ သိပ်ပြီးတော့ စိတ်မပါချင်သလိုတောင် ဖြစ်သွားတာပေါ့။ မီးပုံမှန်မဖြစ်လာနိုင်တဲ့အတွက် နည်းနည်းစာမေးပွဲနီးလေ ပိုပြီးတော့ စိတ်ပျက်စရာများလာလေ ဖြစ်သွားတာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေရှိနေတဲ့အတွက် လာမယ့် မတ်လ (၁)ရက်နေ့ကနေ (၂၀) ရက်နေ့အထိ ကျောင်းသူ၊ကျောင်းသား တွေ ညပိုင်း စာကြည့်နိုင်ဖို့အတွက် ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးဖို့ ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ကျောင်းသူ၊ ကျောင်းသားတွေ ညပိုင်းစာကြည့်ချိန်မှာ ဓာတ်အားထုတ်လုပ်မှုနဲ့ သုံးစွဲမှုမမျှပါက ဓာတ် အား ပြတ်တောက်နိုင်တာကြောင့် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အဲဒီကာလအတွင်း ညနေ (၅)နာရီကနေ (၁၀) နာရီအထိ လျှပ်စစ်မီးမသုံးကြဖို့ ထုတ်ပြန်ထားတာပါ။

ကန့်သတ်ချိန်အတွင်း လျှပ်စစ်ဓာတ်အားနဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိပါက အုပ် ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမယ့်မတ် ၈ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ၊ တက္က သိုလ် အသီးသီးရှိ စာမေးပွဲတွေကိုတော့ မတ်လ ၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.