ရန်ကုန်၊ ဖေဖော်ဝါရီ(၂၈)

စစ်ကောင်စီဟာ အွန်လိုင်းစနစ်နဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့စ်)လျှောက်ထားမှုကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ရုတ်တရက်ရပ်ဆိုင်းပြီးနောက် ရက်ချိန်းရထားတဲ့သူတွေကိုလည်း နှစ်ကုန်ပိုင်းအထိ ထပ်မံရွှေ့ဆိုင်းလိုက် တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ်တွေကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး အွန်လိုင်းစနစ်နဲ့ လျှောက် ထားနိုင်တယ်လို့ ကြေညာပြီး ၃ ရက်အကြာမှာပဲ ထပ်မံရပ်ဆိုင်းလိုက်တာပါ။

စစ်ကောင်စီ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကတော့ အွန်လိုင်းစနစ်နဲ့ ဝက်ဆိုက်ကနေ နိုင်ငံကူးလက်မှတ်ရက်ချိန်းရယူဖို့ အသစ်လျှောက်ထားလိုသူတွေအတွက် စနစ်ကိုပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ရပ်ဆိုင်းလိုက်ပြီးနောက် အရင် ရက်ချိန်းယူထားပြီးသူတွေကိုလည်း ၂၀၂၃ နှစ်ကုန်ပိုင်းအထိထပ်မံ ရွှေ့ဆိုင်းလိုက်တာပါ။ဒီလိုရက်ချိန်းကို ဆယ်လအကြာ ထပ်မံရွှေ့ဆိုင်းလိုက်တာကြောင့် ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ် ကိုင်ဖို့ အခက်အခဲဖြစ်သွားပြီလို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ ကျွန်မကထိုင်းမှာ အလုပ်ထွက်လုပ်ဖို့ ပတ်စ်ပို့စ်လျှောက်ဖို့လုပ်နေတာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်း ကပဲ။ အဲဒီကတည်းက ပိတ်သွားတာ ခဏပဲပိတ်ပြီး ပြန်ဖွင့်မယ်လို့ကြားလို့ အခုနှစ် ဖေဖော်ဝါရီမှာ အွန်လိုင်းကနေ လျှောက်လို့ ရပြီဆိုတော့ လျှောက်ကြည့်တယ်။ ချက်ချင်း အဆင်မပြေဘူး။ တစ်ပတ်လောက် အခြေအနေ စောင့်ကြည့်ပြီးမှ လျှောက်မယ်လုပ်နေတာ အခုပိတ်သွားပြီ။ အရင်ရက်ချိန်းသ မားတွေလည်း ၁၁လပိုင်း လောက်အထိ နောက်ဆုတ်လိုက်တာဆိုတော့ အောက်လမ်းကနေပဲ ထွက်ဖို့စီစဉ်ရတော့မှာပေါ့”လို့ ထိုင်းမှာ အလုပ်သွားလုပ်ဖို့ စီစဉ်ထားသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းတွေကို အဆင့်မြှင်တင်ဖို့ရှိတယ်ဆိုတဲ့ အ ကြောင်း ပြချက်နဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်ကစပြီး ရပ်ဆိုင်းခဲ့ပြီး အခုအခါမှာတော့ အွန်လိုင်းစနစ်နဲ့ လျှောက်ထားမှုကို ထပ်မံရပ်ဆိုင်းလိုက်တာပါ။

အွန်လိုင်းကနေပတ်စပို့စ်လျှောက်ထားတဲ့ စနစ်ကတော့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးရုံး တစ်ခုတည်းအတွက်ပြုလုပ်တာဖြစ်ပြီး နိုင်ငံကူးလက်မှတ် အမျိုးအစားအလိုက် ကျ သင့်ငွေကိုပါ ဘဏ်နဲ့ ချိတ်ဆက်ပြီး တစ်ခါတည်းပေးသွင်းရတဲ့ စနစ်ဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားသူတစ်ဦးကလည်း ရက်ချိန်းရထားမှုကို ၁၀ လအကြာ ရွှေ့ဆိုင်းလိုက်တာ ကြောင့် အားလုံး ကမောက်ကမဖြစ်သွားရပြီလို့ ဆိုပါတယ်။

“ ပတ်စ်ပို့ရုံးက ဒီနှစ်လပိုင်းထဲ ရက်ချိန်းရထားတာ။ အခု ၁၁ လပိုင်းကို ရွှေ့လိုက်တော့ ကျွန်တော်အကုန် ကမောက်ကမဖြစ်ကုန်တာပေါ့။ အလုပ်အဆင်မပြေလို့ နိုင်ငံခြားထွက်ပါတယ်ဆိုမှ ပတ်စ်ပို့ထုတ်မပေးဘူးဆိုတော့ ဘာသွားလုပ်စားရတော့မှာလဲ” လို့ ပြည်ပထွက်ခွာ အလုပ်လုပ်မယ့်သူတစ်ဦးက ဆိုပါတယ်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ခဝန်ဆောင်စရိတ်ဟာ အာဏာမသိမ်းခင်က ငွေကျပ် ၄၀၀၀၀ ဝန်းကျင်သာ ကုန်ကျ စရိတ်ရှိခဲ့ပေမယ့် အာဏာသိမ်းမှုအပြီး QR Code စနစ်ကို ပြောင်းလဲလိုက်အပြီးမှာတော့ ငွေကျပ် ၅ သိန်း ဝန်း ကျင်အထိ ကုန်ကျစရိတ် မြင့်တက်လာတာပါ။

ဒါပေမယ့် နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေဟာ စစ်ကောင်စီလက်ထက်မှာ အခက်အခဲမျိုးစုံရင်ဆိုင်နေရသလို ကန့်သတ်ချက်တွေကြောင့် ပတ်စ်ပို့စ်ရဖို့ မရေမရာဖြစ်နေတာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် နိုင်ငံမတည်ငြိမ်ဘဲ ဘက်ပေါင်းစုံယိုယွင်း လာမှုကြောင့် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါးလာတာကြောင့် တစ်လကို မြန်မာလုပ်သားလေးသောင်းကျော် ပြည်ပထွက်ခွာ အလုပ်လုပ်နေကြတယ်လို့ IOM(နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သား ကူညီရေးအဖွဲ့)က ပြီးခဲ့တဲ့ ဇန်နဝါလမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.