ကာလာဗရီယာ၊ ဖေဖော်ဝါရီ(၂၈)
အီတလီနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးမှာ ဖေဖော်ဝါရီ(၂၆)ရက်နေ့အစောပိုင်းက ရွှေ့ပြောင်းနေထိုင် သူတွေကို တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ ကလေးငယ် ၁၂ ဦးအပါအဝင် အနည်းဆုံး လူ ၅၉ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အာဖဂန်နစ္စတန်၊ အီရန်နှင့် အခြားနိုင်ငံတွေက လူတွေကို တင်ဆောင်လာတဲ့ တူရကီကနေ ရွက်လွှင့်လာတဲ့ အဲဒီသင်္ဘောဟာ ကာလာဗရီယာ အရှေ့ဘက်ကမ်းရိုးတန်းမှာ အရုဏ်မတက်မီအချိန်က နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။
မကြာသေးမီက ရွေးကောက်ခံ လက်ယာယိမ်းအစိုးရရဲ့ တင်းကျပ်တဲ့ ဥပဒေသစ်ကြောင့် ရွှေ့ပြောင်းနေထိုင် သူတွေ ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေက ဝေဖန်မှုတွေခံခဲ့ရပြီး အဲဒီဖြစ်ရပ်ဟာ ဥရော ပနဲ့ အီတလီရှိ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အငြင်းပွားမှုတွေကို ပြန်လည်ပေါ်ပေါက်လာစေခဲ့တာပါ။
သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၈၁ ဦး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်းနဲ့ အထူးကြပ်မတ်ကုသဆောင်မှာ တစ်ဦး အပါအဝင် အခြားလူဦးရေ (၂၀) ဦးကို ဆေးရုံတင်ထားရတယ်လို့ ပြည်နယ်အစိုးရအရာရှိက ရိုက်တာသတင်း ဌာနသို့ ပြောခဲ့ပါတယ်။
အဲးီသင်္ဘောဟာ လွန်ခဲ့တဲ့လေးရက်ခန့်က တူရကီအနောက်ဘက်ရှိ အစ်ဇ်မာဆိပ်ကမ်းမှ ရွက်လွှင့်လာခဲ့တာကို စနေနေ့နှောင်းပိုင်းမှာ ဥရောပသမဂ္ဂနယ်ခြားအေဂျင်စီ Frontex အနေနဲ့အီတလီကမ်းရိုးတန်းမှ ၄၆ မိုင် အကွာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ အီတလီရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့တွေကို ကြားဖြတ်တားဆီးဖို့ ကင်းလှည့်လှေတွေစေလွှတ်ခဲ့ပေမယ့်လည်း ပြင်းထန်တဲ့ ရာသီဥတုကြောင့် ဆိပ်ကမ်းသို့ ပြန်သွားဖို့ တွန်းအားပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့တာပါ။
အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ရွှေ့ပြောင်းလူကုန်ကူးမှုစွဲချက်ဖြင့် ဖမ်းဆီးထားတယ်လို့ အကောက်ခွန် ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
Ref: Reuters