ရေစကြို – ဖေဖော်ဝါရီ(၂၃)

မကွေးတိုင်း၊ရေစကြိုမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပုခုံးထမ်းတာဝေးပစ် လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိ တယ်လို့ Myingyan Black Tiger အဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က ရေစကြိုမြို့နယ် အမှတ်(၂) စည်းပင်သာယာ ရပ်ကွက်မှာ ရှိတဲ့ ရုံးပေါင်းစုံဌာနမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံခဲ့ရတာပါ။

“ဒီ​​ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့ အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်သွားမှာပါဗျ။ ဘတ်ဂျက်အင်အားမလုံလောက်တာကြောင့် ရရင်ရသလိုတိုက်ထုတ်သွားမှာပါဗျ။ ခုလည်း Battle ဖွင့်ပြီးမတိုက်နိုင်လို့ ကျွန်တော်တို့ကိုယ်တိုင် ထုတ်လုပ်တဲ့ လက်နက်ကြီးနဲ့ ပျောက်ကြား နည်းစနစ်ကိုသုံးပြီးအကောင်းဆုံးဖြစ်အောင်သေချာအောင် သပ်သပ်ရပ်ရပ်နဲ့ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်ဗျ။” လို့Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပုခုံးထမ်းတာဝေးပစ်လောင်ချာနဲ့ တိုက်ခိုက်ခံလိုက်ရတဲ့အတွက် စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၂) ရက်နေ့မှာတော့ အင်အား(၇၀) လောက်နဲ့ ကပ်ကျော်ကျောင်းဝန်း ကျင် အမှတ်(၁) ရပ်ကွက်မှာ စစ်ဆေးတာတွေပြုလုပ်ခဲ့သလို အမှတ်(၂)နဲ့ (၄) ရပ်ကွက်တွေ အပါအဝင် ရေစကြိုမြို့အနောက်ဘက်ကို ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သူက ပြောပါသေးတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger အဖွဲ့နဲ့ ခွပ်ဒေါင်းနီးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သက်ဆိုင်ရာ ဖရဲသီး သတင်းပေးချက်အရ စစ်ကောင်စီတပ်သား(၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောတာတွေရှိပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၃) ရက်နေ့ကလည်း ရေစကြိုမြို့နယ် ငြိမ်းဇာနည်စခန်းကို MBT အပါအဝင် ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က (၁၅) ဦးထက် မနည်းသေဆုံးထားတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.