ကျိုက်ထို – ဖေဖော်ဝါရီ(၂၃)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ တဂေးချောင်းကျေးရွာမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်က ကျောင်းအုပ်ဆရာမတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တဂေးချောင်းကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးဟာ စာသင်ကျောင်းမှာ ရှိနေချိန် လက်နက်ကိုင်ထားတဲ့ အမျိုးသား ၂ ဦးက လာရောက်ဖမ်းဆီးခေါ်သွားပြီး ကျေးရွာသုသာန်မှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။
ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေနတ်ဒဏ်ရာ ၅ ချက်ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားခဲ့တာပါ။သေဆုံးသွားတဲ့ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးရဲ့ အလောင်းကိုတော့ ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတဲ့ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နွယ်ဦးမှာ ကလေး ၂ ဦးကျန်ခဲ့ပြီး ယောင်္ကျားဖြစ်သူမှာလည်း ကျန်းမာရေးကြောင့် ဆုံးပါးသွားတာ မကြာသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အခုဖြစ်စဉ်ဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း ကျိုက်ထိုမြို့နယ်မှာ ကျောင်းအုပ်ဆရာမ တစ်ဦး ပထမဆုံးအကြိမ် ပစ်သတ်ခံလိုက်ရတာပါ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်မှုအသင်း AAPP ရဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း မွန်ပြည်နယ်မှာ အရပ်သားအသတ်ခံရတာကြောင့် သေဆုံးသူ ၄၇ ဦးအထိရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ