ဝါဆော – ဖေဖော်ဝါရီ(၂၄)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီလ(၂၂) ရက်က ဝါဆောမှာ နေတိုးနဲ့ ဥရောပ ခေါင်းဆောင်တွေ တွေ့ဆုံးပြီး ရုရှားက တရုတ်နဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့အတွက် မဟာမိတ်တွေဟာ ဘောလ်တစ်ပင်လယ်ကနေ ပင်လယ်နက်အထိ ကာကွယ်ရေးဆိုင်ရာ အားကောင်းစေမယ်လို့ ကတိပြုခဲ့ကြပါတယ်။
သမ္မတဘိုင်ဒန်ဟာ ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် တစ်နှစ်နီးပါးကြာ ယူကရိန်းကို ထောက်ခံအားပေးဖို့ နေတိုးအကြီးအကဲ ကျန်စတော့တန်ဘာ့နဲ့ အရှေ့ဥရောပ နိုင်ငံတွေရဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တာပါ။
ဆွေးနွေးပွဲကို ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံ၊ အက်စတိုးနီးယား၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ပိုလန်၊ ရိုမေးနီးယားနဲ့ စလိုဗက်ကီးယား နိုင်ငံခေါင်းဆောင်တွေက ပဋိပက္ခ တွေ ကူးစက်လာမှာ စိုးရိမ်တဲ့အတွက် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲအပြီး ကြေညာချက်မှာ ခေါင်းဆောင်တွေက ဘောလ်တစ်မှ ပင်လယ်နက်အထိ အရှေ့ခြမ်း တစ်ခုလုံးကို ဖြတ်ကျော်ကာ ကာကွယ်ရေးဆိုင်ရာ ဟန့်တားမှုနဲ့ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေမယ်လို့ ကတိပြုခဲ့ကြပါတယ်။
“ရုရှားကို ဥရောပလုံခြုံရေးမှာ ဆက်ပြီး တစ်စတစ်စဖဲထုတ်ဖို့ ခွင့်မပြုနိုင်ဘူး” လို့ဆိုကာ နေတိုးအကြီးအကဲက ယူကရိန်းအတွက် အထောက်အပံ့တွေ တိုးမြှင့်ဖို့ မဟာမိတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက်တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တွေ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့်ရရှိဖို့ မျှော်လင့်နေတဲ့ ယူကရိန်းနဲ့ မဟာမိတ်တွေဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။
ရုရှားမှာတော့ သမ္မတ ဗလာဒီမာပူတင်က လူထုစုဝေးပွဲတက်ရောက်ခဲ့ပြီး “ကျွန်ုပ်တို့၏ သမိုင်း ဝင်မြေအတွက်၊ ကျွန်ုပ်တို့ပြည်သူများအတွက်” ရုရှားက တိုက်ခိုက်နေတာဖြစ်တယ်လို့ သောင်းနဲ့ ချီတဲ့ လူအုပ်ကြီးကို မိန့်ခွန်းပြောခဲ့ပါတယ်။
ဒါ့အပြင်ပူတင်ဟာ ရုရှားကို အလည်အပတ်ရောက်ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းသံတမန် ဝမ်ရိနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်နဲ့ နေတိုးတို့က တရုတ်နိုင်ငံဟာ ရုရှားကို လက်နက်ထောက်ပံ့ပေး ဖို့ ပြင်ဆင်နေမှာကို စိုးရိမ်နေတယ်လို့ ပြောထားပါတယ်။
“တတိယ အစုအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဖိအားတွေကြောင့် ကျွန်တော်တို့ လွှမ်းမိုးခံသွားမှာ
မဟုတ်ပါဘူး” လို့ အထူးသံတမန်က ပြောခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီး တရုတ်နိုင်ငံဟာ နိုင်ငံရေးယုံကြည်မှုကို နက်ရှိုင်းစွာ တိုးမြှ၍့်ဖို့နဲ့ ရုရှားရဲ့ မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ ဆန္ဒရှိတယ်လို့ ဝမ်ရိရဲ့ ပြောဆို ချက်ကို ကိုးကားပြီး တရုတ်နိုင်ငံပိုင်သတင်းဌာန ရှင်ဟွာက ဖော်ပြထားပါတယ်။
“ရည်မှန်းချက်နှင့် တရားမျှတသော ရပ်တည်ချက်ကို လက်ကိုင်ထားပြီး အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာတွင် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်လိမ့်မယ်” လို့ ဝမ်ရိက ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရုရှားခေါင်းဆောင်က New START နျူကလီးယားလက်နက် လျှော့ ချရေး သဘောတူစာချုပ်မှာ ရုရှားရဲ့ ပါဝင်မှုကို ဆိုင်းငံ့လိုက်တယ်လို့ ကြေညာခဲ့ပြီး သမ္မတ ဘိုင်ဒန်က စာချုပ်ဆိုင်ရာ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ အမှားဖြစ်တယ်လို့ ဝါဆော တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်ထိပ်တန်းသံတမန်တို့ တွေ့ဆုံချိန်မှာ ယူကရိန်းပဋိပက္ခဖြေရှင်း ရေးအတွက် တရုတ်အစီအစဉ်ကို မဆွေးနွေးခဲ့ဘူးလို့ ရုရှားက ထုတ်ပြန်ထားပါတယ်။
Ref: CNA