ကော့သောင်း၊ ဖေဖော်ဝါရီ(၂၃)
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖြစ် ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။
KTLA တပ်တွေနဲ့ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဝိုင်ဒင်းကျေးရွာကို စစ်ကောင်စီတပ်က တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၄ နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး ထိခိုက်သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က PDF ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တာပါ။အဲဒီတိုက်ပွဲကြောင့် ဝိုင်ဒင်းကျေးရွာသား ၂၀၀ ကျော်ဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သွားသလို တချို့ဒေသခံတွေကလည်း တောတောင်တွေထဲမှာ ပုန်းခိုနေထိုင်နေကြတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဝိုင်ဒင်းကျေးရွာထဲမှာ ဆက်လက်တပ်စွဲထားတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေသလို တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ့် အခြေအနေမှာ ရှိနေတာပါ။
တနင်္သာရီတိုင်းဒေသကြီးရဲ့ မြို့နယ်တွေဖြစ်တဲ့ ပုလော၊ တနင်္သာရီ၊ ထားဝယ်နဲ့ ကော့သောင်းမြို့နယ်တို့မှာ ဖေဖော်ဝါရီ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးထားတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
သတင်း- သံလွင်တိုင်းမ်