ရန်ကုန် ၊ ဖေဖော်ဝါရီ (၂၃)

ရည်ညွှန်းရွှေဈေးနှုန်းဟာ ဈေးကွက်အတွင်း အလုပ်မဖြစ်တာကြောင့် သတ်မှတ်ထားတဲ့ ကာလပေါက် ဈေးအတိုင်း ရောင်းချပေးကြဖို့ ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်တွေကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ရက်စွဲနဲ့ မေတ္တာရပ်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီရဲ့ လမ်းညွှန်ချက်အ ရ မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်(၂,၇၉၀,၀၀၀)ဈေးနှုန်းနဲ့ ရွှေဆိုင်အပါအဝင် ရွှေကုန် သည်တွေအားလုံး တပြေးညီရောင်းချပေးကြဖို့ ထုတ်ပြန်ထားတာပါ။

ရွှေဈေးနှုန်းဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် (၂,၈၅၀,၀၀၀) ဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေရည်ညွှန်းဈေးမှာတော့ ကျပ်(၂,၁၆၀,၀၀၀) ဝန်းကျင်သာရှိတဲ့အတွက် ကျပ် ၇ သိန်းနီးပါး ကွာဟနေတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းရွှေဈေးနှုန်းဟာ ပြင်ပပေါက်ဈေးနဲ့ အရမ်းကွာနေတာကြောင့် ပြည်ပနိုင်ငံတွေကို ရွှေတွေထွက်သွားနိုင်တဲ့အတွက် အခုလိုလုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်တာပါ။

“သူတို့ရည်ညွှန်ဈေးနဲ့ ပြင်ပပေါက်ဈေးနဲ့က အရမ်းကွာနေတာပေါ့နော်။ သူတို့ ရည်ညွှန်ဈေးဆိုလို့ ရှိရင် ကိုယ့်ဆီကရွှေတွေက နိုင်ငံခြားတိုင်းပြည်တွေကိုပဲ ပြန်ထွက်ကုန်မှာဆိုတော့ သူတို့ရည်ညွှန်ဈေးကတော့ မဟုတ်ဘူးပေါ့နော်။ လက်ရှိ ကမ္ဘာ့ရွှေဈေးက ဆက်တိုက်ကျနေတယ်။ အဲဒီတော့ ကမ္ဘာ့ရွှေဈေးကို ပေါက်ဈေးကို ပျမ်းမျှတွက်လိုက်ပြီးတော့ အဲဒီဈေးနဲ့လုပ်ခိုင်းတယ်လို့တော့ ထင်တာပဲ။ အမှန်တိုင်းဆို လွန်ခဲ့တဲ့ (၅)ရက်လောက်ထဲကကျရမှာ ရွှေဈေးကလေ၊ မကျဘဲနဲ့ လုပ်ငန်းရှင်တွေက မြှင့်ထားတာ၊ မြှင့်ဈေးနဲ့ကို တန်းနေအောင် လုပ်ထားတာမျိုးလို့ ထင်တယ်လေ။ အခု YGEAက ထုတ်ပြန်လိုက်ပြီဆိုတဲ့အခါကျတော့ အကုန်လုံး ဒီနေ့ကတော့ (၂၇၉၀၀၀၀)နဲ့ပဲ အရောင်းအဝယ် လုပ်ကျရမှာပေါ့။ အမှန်တိုင်းဆို ကမ္ဘာ့ ရွှေဈေးကကျတော့လေ မြန်မာ့ ရွှေဈေး ကကျရမှာ။ သူတို့က မကျဘဲနဲ့ ဆွဲတင်ထားတာ ဆိုတော့လေ။ အဲဒီအခါကျတော့ တော်တော်ကိုမြင့်နေတာ၊ အဲဒါတောင်မှ (၂၇၉၀၀၀၀) ဆိုတာတောင်မှ မြင့်နေသေးတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မေတ္တာရပ်ခံထားတဲ့ ဈေးနှုန်းအတိုင်း ဈေးကွက်အတွင်း ရောင်းဝယ်မှုရှိ၊ မရှိကို သေချာစောင့်ကြည့်ဖို့လိုအပ်ပြီး မစောင့်ကြည့်ပါက တချို့ရွှေဆိုင်တွေအနေနဲ့ ဘောင်ချာ (၂)မျိုးဖွင့်ကာ လုပ်စားလာနိုင်တယ်လို့ ဆိုပါတယ်။

ရွှေဈေးနှုန်းတွေကို ကာလပေါက်ဈေးအတိုင်း သတ်မှတ်လိုက်တာကြောင့် ဈေးကွက်အတွင်း အပြောင်း အလဲ ဖြစ်ပေါ် နေတဲ့အတွက် ရွှေဝယ်စုဆောင်းသူတွေအနေနဲ့ စောင့်ကြည့်မှုသာရှိပြီး ဝယ်ယူမှုသိပ်မရှိသေးတာကြောင့် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ရွှေဈေးနှုန်းကျဆင်းစေဖို့အတွက်ဆိုပြီး မြို့နယ်တချို့မှာ ရွှေဒင်္ဂါးပြားတွေကို တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား ဆိုပြီး (၃)မျိုး ရောင်းချပေးနေပေမယ့် အပြင်ပေါက်ဈေးအတိုင်း ရောင်းချနေတာကြောင့် လက်ရှိအချိန်ထိ ရွှေဈေးနှုန်းထင်သလောက် ကျဆင်းခြင်း မရှိပါဘူး။

ပြည်တွင်းရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ နောက်ဆုံးပတ်က ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်လာမှုနဲ့အတူ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်(၃၅)သိန်းဝန်းကျင်ထိ စံချိန်တင် မြင့်တက်ခဲ့ဖူးတာ ဖြစ်ပါတယ်။

ရွှေဈေးနှုန်းဟာ NLD အစိုးရလက်ထက်က မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်(၁၃)သိန်း ဝန်းကျင်သာ ရှိခဲ့ရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေဈေးနှုန်း (၃)ဆ နီးပါးထိ မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.