မော်လမြိုင် – ဖေဖော်ဝါရီ(၂၃)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာရှိတဲ့ ပြည်နယ် လ.ဝ.က ရုံးနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးဖောက်ခွဲခံရတာကြောင့် ထိခိုက်ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၂) ရက်နေ့ညပိုင်းက မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးရှေ့နဲ့ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ (၁၅) မိနစ်ခြား အသံဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးလှိုင်ရပ်ကွက်ရုံးအရှေ့မှာ အုတ်နံရံ တချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလည်း ဒီနေ့ ဖေဖော်ဝါရီလ(၂၃) ရက် မနက်အစောပိုင်းက ဗုံးခွဲခံရတာကြောင့် ရုံးတစ်ခုလုံး ပြိုကျပျက်စီးသွားပေမယ့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေရောက်လာပြီး စစ်ဆေးတာတွေရှိခဲ့သလို အနီးဝန်းကျင်က ပြည်သူတွေကို မေးမြန်းတာတွေလုပ်ခဲ့သလို မြို့ဝင်ထွက် နေရာတွေကိုလည်း စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့တွေက လုပ်ဆောင်ထားတယ်ဆိုတာတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အခုတိုက်ခိုက်ခံရတဲ့ မွန်ပြည်နယ် လ.ဝ.က ရုံးနားမှာ အရင်က ဗုံးပေါက်ကွဲဖူးသလို လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဆန်းပိုင်းက ဗုံးခွဲတိုက်ခိုက်ခံထားရတဲ့ အတွက် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မွန်ပြည်နယ်က မြို့နယ်တချို့ကို စစ်ကြောင်းထိုးတာတွေလုပ်နေသလို ဒေသကာကွယ်ရေးတပ်တွေကလည်း စစ်ကောင်စီရဲ့ တပ်ရင်းတွေအပါအဝင် စစ်ဆေးရေးဂိတ်တွေ၊ ရဲစခန်းတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ယာဉ်တန်း တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် လုပ်ဆောင်လာတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ( သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အပျက်အစီးတွေကို တွေ့ရစဉ်)