ဂျကာတာ – ဖေဖော်ဝါရီ(၂၃)
စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အတွက် အာဆီယံ ဘုံသဘောတူညီချက်(၅) ရပ်ကို တရုတ်နိုင်ငံဘက်က ထောက်ခံတဲ့အတွက် ဂုဏ်ယူ တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စရန်တိုမာဆူဒီက ပြောခဲ့ပါတယ်။
မစ္စရန်တိုရဲ့ ပြောဆိုချက်ဟာ ဆွေးနွေးဘက်ဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်နဲ့ ဂျာကတာ မြို့မှာ ကျင်းပတဲ့ အစည်းအဝေးတစ်ရပ်အပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။
“ဘုံသဘောတူညီချက် ၅ ရပ်ကို တရုတ်အစိုးရ က ထောက်ခံတဲ့အတွက်ကြောင့် အင်ဒိုနီးရှား နိုင်ငံမှ ချီးမြှင့်ဂုဏ်ပြုပါတယ်။ ဒါဟာ အာဆီယံမှ မြန်မာနိုင်ငံကို ၎င်းရဲ့ နိုင်ငံရေးအကျပ် အတည်းထဲကနေ ဆွဲထုတ်ဖို့အတွက် အဓိကကျတဲ့ ကိုးကားချက်တစ်ခုပါ” လို့ သူမ က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် စီးပွားရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ တရစ်ရစ်တိုးလာတဲ့ အကြမ်းဖက်မှုတွေကြား ပိတ်မိနေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်တာမရှိတဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနီးရှား နိုင်ငံက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လာရတဲ့ အာဆီယံဟာ ပိုမိုစိတ်ပျက်လာတာပါ။
“အားလုံးအကျုံးဝင်သော အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ရေးဟူသော ရည်မှန်းချက် တစ်ခုအရ အာဆီယံ ဥက္ကဌရာထူးအနေဖြင့် အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ဆွေးနွေးဖက်အားလုံးနဲ့ စေ့စပ်မှုများကို နောက်တဆင့်တက် ဆောင်ရွက်သွားမှာပါ” လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါသေးတယ်။
ဘုံသဘောတူညီချက်ကသာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် သံတမန်ရေးအရ ကစား နိုင်တဲ့ တရားဝင်ဖြစ်စဉ်ဖြစ်ပြီး အဲဒီအစီအစဉ်ကို ရှေ့တိုးဆောင်ရွက်နိုင်တာ အားနည်းတဲ့အတွက် အနောက်နိုင်ငံတွေက စိတ်ပျက်လက်ပျက်ဖြစ်နေကြတာပါ။
ဒါ့အပြင် လက်တလောဖြစ်ပေါ်နေတဲ့ တောင်တရုတ်ပင်လယ်ရေးရာ နဲ့ပတ်သက်ပြီး ကျင့်ထုံး တစ်ရပ် code of conduct (COC) on the South China Sea ဖန်တီးရေးအတွက် ဆွေးနွေးမှု တွေ ပိုမိုအားကောင်းလာနိုင်တယ်လို့ မစ္စ ရန်တိုက ဆိုပါတယ်။
“အင်ဒိုနီးရှားနှင့် အာဆီယံတို့ဟာ အကျိုးရှိတဲ့၊ ခိုင်လုံပြီး အရေးယူဆောင်ရွက်မှုတွေ ပြုနိုင်တဲ့ Code of Conduct တစ်ရပ်ကို ထွက်နိုင်ရေးအတွက် နှစ်ခြိုက်ကြပါတယ်” လို့ အင်ဒိုနီးရှား နိုင်ငံ ခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
လက်ရှိအငြင်းပွားမှုတွေ ဖြစ်ပေါ်နေတဲ့ ရေနယ်တွေကို ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို စောင့် ကြပ်နိုင်ဖို့ တရုတ်နဲ့ အင်ဒိုတို့ ပူးပေါင်းသွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် က ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ဒီနှစ်မေလမှာ ပထမဆုံးအကြိမ်ဖြစ်လာဖို့ရှိတဲ့ COC တောင်တရုတ် ပင်လယ်ရေးရာ ကျင့်ထုံးဆိုင်ရာ ဆွေးနွေးပွဲတွေကို ဦးဆောင်ကျင်းပသွားမယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာအင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ဆိုထားပါတယ်။
Ref: Reuters