ဘီးလင်း၊ ဖေဖော်ဝါရီ(၂၃)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လာတာကြောင့် KNLA ပူးပေါင်းတပ်နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ် ကြောင်းဟာ ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာကနေ ခဲမောက်ကျေးရွာထဲ ဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်က ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခဲမောက်ရွာသားဦးမြင့်သန်း လက်နက်ကြီး ကျည်ထိမှန် သေ ဆုံးခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။

ဒေသခံတွေအဆိုအရ တိုက်ပွဲပြီးနောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ခဲမောက်ကျေးရွာအတွင်း ဝင်ရောက်လာပြီး ဖုန်းတစ်ဆိုင်က ဖုန်းအလုံး ၃၀ ကျော်ကို ယူဆောင်သွားသလို ဒေသခံ နေ အိမ်တွေကိုလည်း ဝင်မွှေသွားခဲ့တယ်လို့ ဆိုကြပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတွေနေအိမ်တွေကို ဝင်ရောက်မွှေနောက်ပြီးနောက် ညနေပိုင်းမှာပဲ ဘီးလင်းမြို့ဘက်ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား လအတန်ကြာ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပေမယ့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ထိခိုက်သေဆုံးထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.