ရေး ၊ ဖေဖော်ဝါရီ (၂၃)

စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခံထားရတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ဒေသခံလူထုတွေ ဟာ စီးပွားရေး၊ လူမှုရေး၊ သွားလာရေးအပြင် ဘဝမလုံခြုံမှုပြဿနာကို အကြီးအကျယ် ခံ စားနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရေးပေါ်ကာလသက်တမ်း ၆ လထပ်တိုးယူခဲ့တဲ့ စစ်ကောင်စီက စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ တိုင်းနဲ့ပြည်နယ် ၈ ခုရှိ မြို့နယ် ၃၇ ခုမှာ စစ်အုပ်ချုပ်ရေးအာဏာ (Martial Law) ကျင့်သုံးဖို့ သက်ဆိုင်ရာ တိုင်းမှူးတွေကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။

ရေးမြို့နယ်ဟာဆိုရင် စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ရက်ပေါင်း ၂၀ ကျော်အတွင်း ဒေသခံတွေအပေါ် ကဏ္ဍပေါင်းစုံရိုက်ခတ်မှုတွေ ဖြစ်ပေါ်နေသလို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကအစ ကန့် သတ်ခံနေရပြီး မလုံခြုံမှုတွေကိုလည်း ခံစားနေရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ဘာမှလုပ်လို့မရတော့ဘူး၊ ဘာအကြောင်းပြချက်မှပေးလို့မရဘဲ ည ၆ နာရီဆို ကိုယ့်အိမ်ကိုယ် lock ချပြီး အိမ်မှာပဲနေဆိုတဲ့ အနေအထားက လူတိုင်းမေးကြည့်လိုက် လူတိုင်းသောကရောက်ရတဲ့အနေ အထားပေါ့။ ကျွန်မတို့ကြားသလောက်ဆို ရေးမြို့ပေါ်ဆိုလို့ရှိရင် ကိုယ့်ရဲ့အိမ်တွင်းထဲမှာတောင် အိမ်ပေါ်ကနေ ည ၆ နာရီ ပိတ်ပြီး အိမ်ဝန်းထဲမှာတောင် ဆင်းလို့မရတဲ့အခြေအနေ။ ဥပမာ စကစလိုလူတွေက လမ်းမှာဖြတ်သွားရင် အဲဒီလူကိုတွေ့ရင် လှမ်းပြီးပစ်လိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေပေါ့။ ဆိုတော့ ကိုယ့်အိမ်ထဲမှာတောင် ကိုယ်လုံလုံခြုံခြုံမနေရတဲ့ အနေအထားဖြစ်သွားတာပေါ့”လို့ ရေးမြို့နယ်အတွင်းနေ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် လမ်းပေါ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့တဲ့အခါ ဘယ်အချိန်ဖုန်းစစ်မယ်၊ လူစစ်မယ်၊ ပိုက်ဆံတောင်းမယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေသလို အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးမှာ အတူစီးတာတွေ့ရင် ဆိုင်ကယ်သိမ်းတာ၊ လူကိုဖမ်းပြီးပိုက်ဆံနဲ့ လာရွေးခိုင်းတာစတဲ့ကိစ္စတွေ ပိုများလာတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး စစ်ကောင်စီက ရေးမြို့နယ်အတွင်း ည ၆ နာရီကနေ မနက် ၆ နာရီအထိ ပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး တုတ်၊ ဓားလက်နက် ကိုင်ဆောင်ခြင်းမပြုရ၊ လူ ၅ ဦးထက် ပိုမစုရ၊ စီတန်းလှည့်လည်တာ၊ စုရုံးဟောပြောခြင်းမပြုဖို့နဲ့ လိုက်နာခြင်းမရှိရင်ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။ရေးမြို့ခံတစ်ဦးကတော့ ညမထွက်ရအမိန့်ကြောင့် ညပိုင်းဈေးသည်တွေအဖို့ စီးပွားရေး လုံံးဝလုပ်လို့မရတော့ တဲ့အတွက် ငွေကြေးပြဿနာနဲ့ မြို့ထဲမှာ ခိုးမှုတွေ ပိုများလာတဲ့အတွက် ရေရှည်မှာ ဒီပြဿနာတွေ ပိုကြီးထွား နိုင်တယ်လို့ ဆိုပါတယ်။

“ရိုက်ခတ်မှုရှိတယ်၊ ညဈေးကြိုတဲ့သူတို့ ဈေးသည်တို့ အလုပ်သွားအလုပ်ပြန်ကအစ အကုန်လုံး ပြဿနာရှိတယ်။ ၆ နာရီပြန်ရတယ်ဆိုတာက အချိန်လုရတယ်။ ညပိုင်းရောင်းတဲ့ ပလာတာသည်တို့၊ ညနေစောင်းရောင်း တဲ့အကင်သည်တို့ အဲဒီလုပ်ငန်းတွေက လုံးဝလုပ်လို့ မရတော့ဘူး။ သူတို့က စီးပွား ရေးပိုပြီး ကျပ်တည်းလာတယ်။ ငွေရေးကြေးရေးပြဿနာ ပိုများလာတယ်။ နောက်ပြီးတော့ မြို့ထဲမှာ ခိုးမှုတွေပိုများလာတယ်။ အဲဒီလိုတော့ လက်ရှိကြုံတွေ့နေရပြီ၊ ရေရှည်ဆိုရင် ဒီထက်ပြဿနာကပိုပြီးတော့ ကြီးထွားနိုင်တယ်”လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်ကြောင့် ရေးမြို့နယ်အတွင်းရှိ ရာဘာအစေးခြစ်တဲ့လုပ်ငန်းအပေါ် သက်ရောက် မှု ကြီးမားနေပြီး မြို့နယ်အနီးတစ်ဝိုက် ကားလမ်းမကြီးဘေးက ရာဘာခြံတွေမှာတော့ အစေးခြစ်တာ မရှိသလောက် နည်းပါးလာတယ်လို့ ဒေသခံက ရှင်းပြပါတယ်။

ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊စစ်ကြောင်းတွေဟာ လုံခြုံရေးလှည့်လည်တာတွေရှိပေမယ့် လျှပ်စစ်မီးပြတ်တောက်တဲ့ မနက် ၂ နာရီကနေ ၄ နာရီအတွင်း ဆိုင်ကယ်ခိုးမှု၊ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်မှုစတဲ့ ခိုးဆိုးလုယက်မှုတွေ တော်တော်များလာတယ်လို့လည်း ဒေသခံထံနေ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ရော်ဘာခြံကို အစေးခြစ်ဖို့သွားတဲ့ ရေးမြို့နယ်၊ မော့ကနင် ရွာသား နိုင်ဗင်ဆိုသူကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်သတ်တာကြောင့် သေဆုံးခဲ့ရပါတယ်။

ဒီလိုမျိုးဒေသခံတွေ သွားလာလှုပ်ရှားမှု ကန့်သတ်ခံရတာ၊ အဖမ်းခံရတာ၊ ပစ်သတ်ခံရတာတွေနဲ့ပတ် သက်ပြီး ရေးမြို့နယ်၊ရေးချောင်းဖျားဒေသရှိ ဌာနချုပ်စိုက်ရာ မွန်ပြည်သစ်ပါတီအနေနဲ့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာတွေ မရှိသေးပါဘူး။

မွန်ဒေသခံတစ်ဦးကလည်း မွန်ပြည်သစ်ပါတီအနေနဲ့ NCA လမ်းကြောင်းကို သွားနေတဲ့အတွက် သတ် မှတ်ထားတဲ့ နယ်မြေတွေကိုပဲ ထိန်းချုပ်ထားနိုင်တာကြောင့် မွန်ပြည်သူတွေကို ကာကွယ်ဖို့ ဘာမှမ တတ်နိုင်တာလို့ သုံးသပ်ပါတယ်။

“ပြောရရင် အခုချိန်ထိ (မွန်ပြည်သစ်) သူတို့က NCA လမ်းကြောင်းကို သွားနေတဲ့အခါကျတော့ သူတို့သတ် မှတ်ထားတဲ့ နယ်မြေလောက်ကိုပဲ ထိန်းချုပ်နိုင်တယ်။ ဒါကျွန်တော့်အမြင်ပေါ့။ နောက်တစ်ခုကျတော့ လမိုင်း-မော့ကနင်ဘက်ခြမ်းအထိ မွန်ပြည်သစ်ပါတီအနေနဲ့ မွန်ပြည်သူကို ကာကွယ်ဖို့ဆိုတာက သူတို့မှာလည်း အင်အားအဲဒီလောက် ကာကွယ်ပေးနိုင်တဲ့ အင်အားရှိမယ်လို့ ကျွန်တော်က မထင်ဘူး။ အဲဒီအတွက်ကြောင့် အခုပြည်သူတွေ ထိခိုက်တာက ကျွန်တော်တို့ထက် သူတို့ကပိုပြီးစိတ်မကောင်းတာဖြစ်တယ်။ ဒါပေမယ့် သူတို့လုပ်မပေးနိုင်တာကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး”လို့ သူက ဆိုပါတယ်။

လူမှုကယ်ဆယ်ရေးအသင်းတွေကလည်း စစ်ကောင်စီကန့်သတ်ထားတဲ့ ညအချိန်တွေမှာ အရေးပေါ်ကိစ္စဖြစ်ရင် သက်ဆိုင်ရာနယ်မြေရဲစခန်းတွေကို အကြောင်းကြားပြီးမှ သွားရတယ်လို့ လူမှုအသင်းတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ရေးမြို့နယ်ကို ပြီးခဲ့တဲ့ကာလတွေတုန်းက ညမထွက်ရအချိန်ကန့်သတ်ချက်ကို ည ၈ နာရီကနေ မနက် ၄ နာရီ အထိ သတ်မှတ်ခဲ့ပေမယ့် စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာပြီးနောက်မှာတော့ အချိန်ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ရေးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အပါ အဝင် ဒေသ ခံ ၅ ဦးထက်မနည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပြန်လည်လွှတ်ပေးတာရှိသလို ဆက် လက်ဖမ်းဆီးထားတဲ့ ဒေသခံတွေလည်း ရှိနေတာပါ။

စစ်ကောင်စီကတော့ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးတာရှိနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ တပ်ရင်းအပါအဝင် စစ်ဆေးရေးဂိတ်တွေ၊ ရဲစခန်းတွေနဲ့ ယာဉ်တန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.