ဖာပွန်၊ ဖေဖော်ဝါရီ(၁၈)
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ ကျေးရွာတွေအပေါ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦးတွေ ပျက်စီးသွားခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ(၁၅)ရက်နေ့ ည(၁၁)နာရီခွဲအချိန်က စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်(၃)စီးဟာ ဖာပွန်ခရိုင် တပ်မဟာ(၅)လူသောမြို့နယ် ပေးကေးဒဲကျေးရွာအုပ်စု ထော့ထီးပယ်ကျေးရွာထဲကို ဗုံးသီး(၆)လုံး လာရောက်ကြဲချခဲ့ရာ အဆောက်အဦး(၇)လုံးပါတဲ့ စာသင်ကျောင်းတစ်ကျောင်း၊ နေအိမ်(၆)လုံး၊ ဈေး ဆိုင်(၃)ဆိုင်နဲ့ စပါးကျီ(၂)လုံးကို ထိမှန်ကာ မီးလောင်ပြာကျသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် လယ်ထွန်စက်(၄)စီး၊ ဆိုင်ကယ်(၂)စီး၊ အင်တာနက်ဝိုင်ဖိုင်စလောင်း(၁)ချပ်နဲ့ ဆန်စက်တစ်လုံးကိုလည်း ထိခိုက်ပျက်စီးသွားခဲ့ပြီး စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ(၃)သန်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲတဲ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ည(၁၀)နာရီအချိန်ကလည်း စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်(၃) စီးက KNU ဖာပွန်ခရိုင်တပ်မဟာ(၅) လူသောမြို့နယ် ဒေးဘုနိုကျေးရွာထဲကို ဗုံးသီး(၆)လုံး ကြဲချခဲ့ရာ နေအိမ်(၆)လုံးကို ထိမှန်ပြီး မီးလောင်ပြာကျ ပျက်စီးသွားခဲ့တယ်လို့ KNU က ဆိုပါတယ်။
အခုရက်ပိုင်းတွေထဲမှာ စစ်ကောင်စီတပ်က KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေနဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဒေသအတွင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁)လတာအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေနဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဒေသထဲကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ပေါင်း(၆၀)နီးပါ တိုက် ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ ခရစ်ယာန်ဘာသာရေးဆရာတွေ အပါအဝင် (၁၃)ဦး သေဆုံးကာ (၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
သတင်း -သံလွင်တိုင်းမ်