ရန်ကုန် ၊ ဖေဖော်ဝါရီ (၁၈)

၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီကို ခံစစ်ကနေ ထိုးစစ်ဆင်ပြောင်းလဲပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာအပါအဝင် ဘက်ပေါင်းစုံကနေ စစ်မျက်နှာ ၆ ခုဖွင့်ပြီး တော်လှန်ရေး အဆုံးသတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တော်လှန်ရေး ၂ နှစ်ပြည့်မှာ ကြေညာထားပါတယ်။

နွေဦးတော်လှန်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံတကာအသိအမှတ်ပြုတဲ့ တရားဝင်အစိုးရတစ်ရပ်ဖြစ်လာရေးကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်မှာ ရှိနေတာပါ။

ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သံတမန်ရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လှုပ်ရှားဆောင်ရွက်မှုတွေ ဆက်တိုက် သိသိသာသာ တွေ့မြင်လာရပါတယ်။

ကမ္ဘာ့ထိပ်သီးအင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ဝါရှင်တန်ဒီစီမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကန်နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း အပါအ ဝင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ NUGရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။

လက်ရှိ အခင်းအကျင်းအရ စစ်ကောင်စီနဲ့ NUG ရဲ့ သံတမန်ရေးရာ လှုပ်ရှားဆောင်ရွက်မှုတွေမှာ အမျိုး သားညီညွတ်ရေးအစိုးရ NUG က ခြေတစ်လှမ်းသာတဲ့ အနေအထားဖြစ်ပေမယ့် နိုင်ငံတကာအသိအ မှတ်ပြုတဲ့ အစိုးရတစ်ရပ် မဖြစ်လာသေးပါဘူး။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ ကမ္ဘာ့နိုင်ငံအများစုဟာ သူတို့ရဲ့ အကျိုးစီးပွားပေါ်မူတည်ပြီး အသိမှတ်ပြုတာ၊ မပြုတာရှိတဲ့အတွက် အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက အမျိုးသားညီညွတ် ရေးအစိုးရကို အတိအလင်းအသိအမှတ်ပြုရင် ပိုအောင်မြင်မယ်လို့ သုံးသပ်ပါတယ်။

“NUG ကတော့ မကြာသေးခင်ကပဲ သံခင်းတမန်ခင်းမှာ နည်းနည်းအရာရောက်လာတယ်၊ အသိအမှတ် ပြုခြင်း ခံရတယ်ပေါ့။ တချို့ ကမ္ဘာ့နိုင်ငံအများစုကလည်းပဲ သူတို့ရဲ့အကျိုးစီးပွားပေါ်မူတည်ပြီး အသိအ မှတ်ပြုခြင်း၊ မပြုခြင်းဆိုတာလည်း ရှိတာပေါ့။ နောက်ပြီးတော့ အဖွဲ့အစည်းပေါ်မှာ မူတည်ပြီးတော့လည်း အာဆီယံလိုမျိုး အကုန်လုံးအသိအမှတ်ပြုရမယ်ဆိုတာမျိုးပေါ့။ သူတို့မူနဲ့ သူတို့ချိတ်ဆက်ပြီးတော့ အသိအမှတ်မပြုနိုင်တာလည်း ရှိတယ်။ ဒါပေမယ့် ကမ္ဘာ့ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေက ဒီလိုအသိအမှတ်ပြုရမယ်ဆိုရင်တော့ ပိုပြီးတော့ အောင်မြင်မှုရလာမှာပေါ့”လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လက်ရှိကမ္ဘာ့နိုင်ငံ ၈ ခုမှာ ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ပြီး မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ကူညီလုပ်ဆောင်ပေးနေတယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သံလွင်တိုင်းမ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပြောဆိုထားပါတယ်။

ကိုယ်စားလှယ်ရုံးတွေကိုတော့ ချက်၊ အင်္ဂလန်၊ နော်ဝေ၊ပြင်သစ်၊ တောင်ကိုရီးယား၊ဂျပန်၊ အိန္ဒိယနဲ့ ဩစတြေးလျနိုင်ငံတွေမှာ ဖွင့်လှစ်ပြီး သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်ဆံရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို နိုင်ငံတကာအစိုးရတွေက ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး အားပေးထောက်ခံကူညီမှုတွေ လုပ် ဆောင်ကြပေမယ့် မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာမရှိသေးဘူးလို့ သုံးသပ်ပါတယ်။

“အခုလက်ရှိမှာတော့ မြန်မာ့အရေးဆောင်ရွက်တဲ့အခါမှာ အရေးပါတဲ့အခန်းကဏ္ဍ၊ ဦးဆောင်မှုအခန်း ကဏ္ဍမှာရှိနေတဲ့ အစုအဖွဲ့အဖြစ် NUG ကို အသိအမှတ်ပြုကြတယ်၊ ဆက်ဆံကြတယ်၊တွေ့ဆုံဆွေးနွေးကြတယ်။ နောက်ကူလို့ရတဲ့ အတိုင်းအတာတစ်ခု အကုန်လုံးလည်း ကူနေတာမတွေ့ရဘူး။ အထူးသဖြင့် ယူကရိန်းနိုင်ငံလိုမျိုး အစိုးရနဲ့ကြည့်လိုက်ရင် ကူညီမှုပုံစံက မတူညီဘူး။ ကွဲနေသေးတယ်ဆိုတာ တွေ့ရလိမ့်မယ်။ ဆိုတော့ သူတို့ကူလို့ ရတဲ့အတိုင်းအတာ၊ ထောက်ပံ့လို့ရတဲ့အတိုင်းအတာ ထောက်ပံ့ပြီးတော့ အားပေးနေတယ်ဆိုတာ တွေ့ရလိမ့်မယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ တရားဝင်အ စိုးရဖြစ်ပါတယ်လို့ လက်ခံထားခြင်းမျိုးတော့ အခုချိန်ထိရှိမနေသေးဘူး”လို့ သူက ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အစိုးရတွေက မြန်မာနိုင်ငံမှာ စီးပွားရေး၊ လူမှုရေးဆိုင်ရာစတဲ့ ကဏ္ဍတွေမှာ ဆောင်ရွက်မယ်ဆိုရင်လည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ စနစ်အောက်မှာ လုပ်ဆောင်နေရတဲ့အတွက် စစ်ကောင်စီနဲ့ ပတ်သက်ဖို့ လိုတဲ့အတိုင်းအတာမှာ ရှိနေသေးတယ်လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီအစည်းအဝေးမှာ NUG သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တစ်နှစ်ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ထားတာပါ။

တစ်ဖက်မှာတော့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက် ခွင့်မပြုခဲ့ပေမယ့် အာဆီယံနဲ့ဆက်နွယ်တဲ့အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးတွေက တက်ရောက်ခွင့်ရရှိနေပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ချက်တွေအရ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံတချို့ရဲ့ သက်ဆိုင်ရာ မြန်မာသံအမတ်တွေဟာ အခုရက်ပိုင်းအတွင်း လေ့လာရေးခရီးတွေ၊အစည်းအ ဝေးတွေ၊ အခမ်းအနားတွေမှာ တွေ့မြင်နေရတာပါ။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.