ဂျကာတာ – ဖေဖော်ဝါရီ(၁၇)
အင်ဒိုနီးရှားနိုင်ငံရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ ပါပူအာ ဒေသကအရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်သားလေးဦးကို အင်ဒိုစစ်တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေနဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် အထိချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအကုန်ပိုင်းက အသတ်ခံရတဲ့ အရပ်သား(၄)ဦးဟာ စစ်သားတွေဆီက သေနတ်ဝယ်ယူဖို့ ကြိုးစားဖူးသူတွေဖြစ်ပြီး အရောင်းအဝယ်ကိစ္စလွဲချော်သွားပြီးနောက်
မှာတော့ သူတို့ အသတ်ခံခဲ့ရကာ ခန္ဓာကိုယ်တွေကို ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့အထိ လုပ် ဆောင်ခံခဲ့ရသလို အိတ်ထဲထည့်ပြီး တီမီကာ မြို့တော်အနီက မြစ်ထဲမျောပစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်သားတွေကို ရုံးတင်စစ်ဆေးခဲ့ပြီး စီရင်ချက်မချခင်မှာ တရားခံ စစ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ တရားခံလေးဦးထဲကနှစ်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း နဲ့ နောက် နှစ်ဦးကို ထောင်ဒဏ်(၁၅) နှစ်နဲ့ နှစ်(၂၀) စီ ပါပူအာ စစ်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
“စစ်တပ်နှင့် ရဲတပ်ဖွဲ့ယန္တရားတွေ ပါဝင်ပြီး အထူးသဖြင့် ပါပူအာ ပြည်သူများကို ဆက်တိုက် ကျူးလွန်နေတဲ့ တရစ်ထက်တစ်ရစ်တိုးလာနေတဲ့ အကြမ်းဖက်မှုများအတွက် ကောင်းမွန်တဲ့ သာဓက တစ်ခုပါပဲ” လို့ လူအခွင့်ရေးအဖွဲ့ KontraS က ပြောခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ စစ်သားတစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်ထားသူတွေဟာ စစ်တပ်က ထုတ်ပယ်ခံရမှာ ဖြစ်တယ်လို့ သိရပြီး ရိုက်တာအနေနဲ့ တရားခံတွေရဲ့ အခြေအနေနဲ့ အသနားခံစာတင်မယ့်ကိစ္စတွေအပြင် သူတို့ရဲ့ ဥပဒေရေးရာ ကိုယ်စားလှယ်တွေနဲ့ ထိတွေ့ခွင့်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်စုံစမ်းနေတယ် လို့ ဖော်ပြထားပါတယ်။
ခွဲထွက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ခွဲထွက်ရေးသမားတွေကြောင့် ပါပူအာ ဒေသမှာ စစ်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေရှိနေပါတယ်။
ပါပူအာ ဒေသမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိနေပေမယ့် အာဏာပိုင်တွေက ငြင်းဆိုထားသလို ဒီစုံစမ်းစစ်ဆေးမှုဟာ ရှားပါးအခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။
အသတ်ခံခဲ့ရသူတွေထဲက တစ်ဦးဟာ ခွဲထွက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ အနောက်ပါပူအာ ဒေသ အမျိုးသားလွတ်မြောက်ရေးတပ် အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ပါပူအာရဲတပ်ဖွဲ့က ပြောပါတယ်။
အနောက်ပါပူအာ ဒေသ အမျိုးသားလွတ်မြောက်ရေးတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ကျူးလွန်သူတွေကို တာဝန်ခံစေဖို့နဲ့ နောက်ထပ်အကြမ်းဖက်မှုအန္တရာယ်ဖြစ်နိုင်ချေတွေအတွက် လည်းအစိုးရအဖွဲ့ကို တောင်းဆိုဖူးပါတယ်။
Ref: The Straits Times