နေပြည်တော် – ဖေဖော်ဝါရီ(၁၇)

အင်အားကြီးနိုင်ငံတချို့က ပြည်တွင်းရေးကိစ္စတွေမှာ အကြောင်းအမျိုးမျိုးပြပြီး ဝင်ရောက်စွက် ဖက်ကာ တည်ငြိမ်မှုပျက်ပြားအောင် စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်းလမ်းမျိုးစုံ အသုံးပြုကာ ဆောင်ရွက်နေသလို နိုင်ငံငယ်လေးတွေအပေါ် မလိုတစ်မျိုးလိုတစ်မျိုးလုပ်ပြီး ဖိအားပေး အကျပ် ကိုင်မှုတွေ အနိုင်ကျင့်ဗိုလ်ကျမှုတွေ ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၆) ရက်နေ့က ကျင်းပတဲ့ (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ် မြန်မာ-ရုရှားချစ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်က အခုလို ပြောခဲ့တာပါ။

“မိမိတို့ မြန်မာနိုင်ငံကဲ့သို့ ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံငယ်တစ်ခုကို ၎င်းတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း သြဇာ ကျယ်ပြန့်လာစေရေးအတွက် နည်းလမ်းမျိုးစုံနှင့် ဖိအားပေး အကျပ်ကိုင်မှုများ၊အပြစ်ရှာဝေဖန်တိုက်ခိုက်မှုများ၊ ပိတ်ဆို့အရေးယူမှုများ၊ပြည်တွင်း ရေးကို ဝင်ရောက် စွက်ဖက်မှုများကို စဉ်ဆက်မပြတ် တစ်စိုက်မတ်မတ် အရှိန်ယူ ဆောင်ရွက်နေ သည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရပါကြောင်း” လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံကြီးတချို့ရဲ့ မြန်မာနိုင်ငံအပေါ် အဆိုးမြင်စိတ်တွေနဲ့ အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် အမြဲဖေးမကူညီရပ်တည်ပေးနေတဲ့ ရုရှားနိုင်ငံရဲ့ခေါင်းဆောင်တွေနဲ့ ရုရှားနိုင်ငံသူ နိုင်ငံသားတွေကို အထူးကျေးဇူးတင်တယ်လို့ သူက ပြောပါသေးတယ်။

ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေအဖြစ် နှစ်နိုင်ငံကူးလူး ဆက်ဆံရေး၊ ကူးသန်း ရောင်းဝယ်ရေးကိစ္စတွေ၊ ကမ္ဘာလှည့်ခရီးသွားကဏ္ဍတွေ၊ ယဉ်ကျေးမှုနဲ့ အားကစားဆိုင်ရာကဏ္ဍ တွေအပြင် တခြားကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ပြည်သူတွေကိုလည်း ကျရာ ကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုခဲ့ပါတယ်။

လက်နက်အားကိုးနဲ့ နိုင်ငံကိုအာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ကမ္ဘာ့နိုင်ငံတွေနဲ့ ဒေသတွင်း နိုင်ငံတွေကဖယ်ကျဉ်ထားပြီး တော်လှန်ရေးအစိုးရဖြစ်တဲ့ NUG နဲ့ သံတမန်ရေးရာကိစ္စရပ်တွေ မှာ လက်တွဲဆောင်ရွက်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကာချုပ်ရုံး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.