ဘီးလင်း – ဖေဖော်ဝါရီ(၁၇)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက် ခံလိုက်ရတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကွဲမှုကော်မတီကနေ သိရပါတယ်။
သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကား ၅ စီးပါး စစ်ကောင်စီ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကား ၄ စီးထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကွဲမှုကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့အတွက် ရန်ကုန်-မော်လမြိုင်ကားလမ်း တစ်နာရီကျော်ကြာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး မနက် ၉ နာရီလောက်မှာ ပုံမှန်အတိုင်း ပြန်လည် သွားလာနေကြပြီလို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ကောက်တင်ပြီး ကျိုက်ထိုမြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ နေအိမ် ၄ လုံးကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းတွေနဲ့ တပ်စခန်းတွေ မကြာခဏတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ