မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၇)

နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်လာအောင် ပို့ကုန်သွင်းကုန်သမားတွေနဲ့ ဘဏ်တွေက လုပ်ဆောင်နေ တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ ဈေးကွက်စီးပွားရေးစနစ်ကို နားမလည်တာ ဖြစ်ပြီး သီအိုရီအရလည်း မှန်ကန်မှုမရှိဘူးလို့ လုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီဗဟိုဘဏ်က ပို့ကုန်သွင်းကုန်သမားတွေနဲ့ ဘဏ်တွေက နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်အောင် ဆောင်ရွက်နေတယ်လို့ သံသယဖြစ်ဖွယ်တွေ့ရှိရတာကြောင့် ဘဏ်တွေအနေနဲ့ ဝင်ရောက်ထိန်း ကျောင်းဖို့၊ အခုလို ဆောင်ရွက်နေတဲ့ ပို့ကုန်သွင်းကုန်သမားတွေကို ဖော်ထုတ်ဖို့နဲ့ ဖော်ထုတ်ရရှိပါက အရေးယူသွားဖို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၀)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပို့ကုန်သွင်းကုန်သမားတွေကို နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်အောင် မလုပ်ဖို့အတွက် ဘဏ်တွေအနေနဲ့ အသိပေးထားဖို့နဲ့ ဝင်ရောက်ထိန်းကျောင်းခြင်းမရှိတဲ့ ဘဏ်တွေကိုပါ အရေးယူ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ သီအိုရီအရလည်း မှန်ကန်မှုမရှိသလို ဈေးကွက်စီးပွားရေးစနစ်ကိုနားမလည်ဘဲ နီးစပ်ရာကို လက်ညှိုးထိုးတာဖြစ်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ဝေဖန်တာပါ။

“ အဲဒါ သီအိုရီအရလည်း မမှန်ဘူး။ လက်တွေ့အရလည်း မမှန်ဘူး။ ဈေးနှုန်းဟာ ဈေးကွက်သဘော တရားအတိုင်း ဖြစ်တယ်။ ပို့ကုန်သမားတွေက ဆွဲတင်လို့ ဈေးတက်သွားတာ မဟုတ်ဘူး။ ပို့ကုန်သမားတွေ ဆွဲချလို့လည်း ဈေးကျမသွားဘူး။ အရေးကြီးတဲ့အချိန် အရေးကြီးမှု လိုအပ်ချက်ပေါ် မူတည်ပြီးတော့ပဲဖြစ်တာ။ ဈေးကွက်ပေါက်ဈေးဆိုတာ အချိန်နဲ့အမျှ အပြောင်းအလဲရှိတာ။ တကယ်တော့ အဲဒီဟာကိုပြောတဲ့ အကြောင်းအရာကိုဖော်ပြတဲ့ မူရင်းအရင်အမြစ်က ဈေးကွက်စီးပွားရေးကို နားမလည်ဘူးဗျ။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို မသိဘဲ ပေါ်လစီချမှတ်နေတဲ့ အခါကျတော့ ပြဿနာက ပို့ကုန်ရငွေသမားတွေက ဆွဲတင်လို့၊ ဆွဲချလို့ဆိုပြီး ဖြစ်နေတာ။ အမှန်တော့ သူတို့လွယ်ကူရိုရှင်းတဲ့ဟာကို အဖြေမရှာနိုင်တဲ့အခါကျမှ နီးစပ်ရာကို သူတို့က လက်ညှိုးထိုးလာမှာဘဲ”လို့ ဆိုပါတယ်။

ပို့ကုန်သွင်းကုန်သမားတွေဟာ စစ်ကောင်စီရဲ့ မလိုလားအပ်တဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေမှာ အခက်တွေ့နေရတာ ဖြစ်ပြီး အခုလို နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်အောင် ပို့ကုန်သွင်းကုန်သမားတွေနဲ့ ဘဏ်တွေက လုပ်ဆောင်တယ်ဆိုတာ စွပ်စွဲမှုတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွားရေးပညာရှင် တစ်ဦးကလည်း နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်လာတာဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်ရောက်မှုနည်းပါးနေတာ၊ သွင်းကုန်နဲ့ပို့ကုန် မမျှတတဲ့အတွက် နိုင်ငံခြားငွေ လဲလှယ်နှုန်းဈေးကွက်အပေါ် သက်ရောက်မှု ကြီးမာခဲ့တာလို့ သုံးသပ်တာပါ။

“FDI နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း ဝင်မလာဘူးဆိုတော့ နိုင်ငံခြားငွေ ထောက်ပံ့မှုက လျော့လျော့ လာတယ်။ ဒါပေမယ့် တဖက်မှာကျတော့ သွင်းကုန်က သိပ်အများကြီး လျှော့ပစ်လိုက်လို့ မရဘူး။ ဒီအခြေခံ စားကုန်တွေ၊ စားကုန်တွေမှ မဟုတ်ပါဘူး အကုန်လုံး လိုလိုက သွင်းကုန်အပေါ် မှီခိုနေရတာ။ ပြည်တွင်းက ဒီစိုက်ပျိုးရေး ထွက်ကုန်လောက်ပဲ လောက်လောက်လားလား ရှိတယ်။ ကျန်တဲ့ သွင်းကုန် အစားထိုးကုန်တွေ ဆိုတာလည်း ရှိတော့ရှိတယ်။ ဒါပေမယ့် အပြည့်အဝ (၁၀၀) ရာခိုင်နှုန်း အစားမထိုး နိုင်သေးတာ ဖြစ်တယ်။ သွင်းကုန် က ကျတော့ မကျသွားဘူးဆိုတော့ အဲဒီရဲ့ သက်ရောက်မှုက ဒီနိုင်ငံ ခြားငွေကြေး ဈေးကွက်ကို သွားပြီးတော့ထိတာပေါ့။ ဒီဒေါ်လာဈေးတွေ တက်လာတယ်၊ ဒေါ်လာကို ရောင်းလိုအား လျော့ပြီးတော့ ဝယ်လိုအားတွေ တက်လာတယ်၊ အဲဒီ သက်ရောက်မှု သွားဖြစ်တာပေါ့” လို့ဆိုပါတယ်။

နိုင်ငံခြားငွေ လဲလှယ်နှုန်း ကျဆင်းစေဖို့အတွက်ဆိုရင် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ မလိုလားအပ်တဲ့ ထုတ်ပြန်ချက်တွေကို ပြန်လည်း စိစစ်ဖို့ လိုအပ်သလို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာနိုင်ဖို့လည်း နိုင်ငံတည်ငြိမ်အေးချမ်းဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေဟာ ပို့ကုန်ဝင်ငွေရဲ့(၆၅) ရာခိုင်နှုန်းကို စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်း အတိုင်း လဲလှယ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် လုပ်ငန်းတွေ ဆက်လုပ်ဖို့ အခက်အခဲ ရှိလာကြသလို တချို့လုပ်ငန်းရှင်တွေက လုပ်ငန်းလျော့ချတာတွေ လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို အခုလိုစွပ်စွဲပြီး တင်းကျပ်မှုတွေ ပိုမိုပြုလုပ်လာပါက ရှေ့ဆက် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာနိုင်သလို ပို့ကုန်သွင်းကုန် လုပ်ငန်းတွေ ရပ်တန့်သွားပါက နိုင်ငံခြားငွေ ဝင်ရောက်မှုတွေ လျော့ကျသွားနိုင်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဆိုးရွားတဲ့ လျှပ်စစ်မီး ပြတ်တောက် မှုတွေနဲ့ မူဝါဒ အပြောင်းအလဲတွေကြောင့်လည်း မြန်မာ့ စီးပွားရေး အပေါ် ဆိုးရွားတဲ့ သက် ရောက်မှုတွေ ဆက်ရှိနေပြီး လူတစ်ဦးချင်းရဲ့ ဂျီဒီပီဟာ ကိုဗစ်ကာလ မတိုင်မီ ကာလအောက် (၁၃) ရာခိုင်နှုန်း ရောက်ရှိနေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.