ကသာ၊ ဖေဖော်ဝါရီ (၁၆)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဆက်နွယ်တဲ့ PDF အဖွဲ့တွေအပါအဝင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့ဟာ ပညာရေးကဏ္ဍမှာ တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ဆောင်ပြီး နိုင်ငံတကာဥပဒေစံနှုန်းတွေကို ချိုးဖောက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလကုန်အထိ NUG အဖွဲ့ရဲ့စေခိုင်းမှုအရ PDF အဖွဲ့ တွေက နိုင်ငံတဝန်းလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်တွေမှာ ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ ဖျက်ဆီးမှု ၁၂၃ ကြိမ်နဲ့ စာသင်ကျောင်းတွေ မဖွင့်ဖို့ ခြိမ်းခြောက်မှု ၁၁၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မလုပ်ဘဲ စာသင်ကျောင်းတွေမှာ စာသင်နေတဲ့ ဆရာ /ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးသူ ၆၆ ဦးနဲ့ ဒဏ်ရာရသူ ၂၅ ဦး ရှိနေပြီလို့ ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အမှတ် ၂၄၂၇ မှာ လက်နက်ကိုင်တိုက်ခိုက်သူတွေအနေနဲ့ က လေးသူငယ်တွေရဲ့ပညာသင်ကြားခွင့်တွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အနှောင့်အ ယှက် ဖြစ်စေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ အခုလိုထုတ်ပြန်မှုဟာ စစ်အုပ်စုအနေနဲ့ သူတို့ကိုယ်သူတို့ သူတော်ကောင်းကြီးတွေဖြစ်ပြီး ကျန်တဲ့သူတွေကို အကြမ်း ဖက်နေတဲ့အသွင်ဖြစ်အောင် ပုံဖော်တဲ့နည်းလမ်းသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“အကြမ်းဖက်စစ်အုပ်စုဟာ ပုံအတုတွေ သုံးမယ်၊ ပြီးတဲ့အခါ သူတို့လုပ်တဲ့ဟာကိုလည်း သူများလုပ်တယ်လို့ စွပ်စွဲမယ်။ ပြီးတဲ့အခါ ဇာတ်လမ်းအတုအယောင်တွေဖန်တီးပြီးတော့ သူတို့ပဲ (စစ်အုပ်စု) ဘာမှမလုပ်သ ယောင်၊ သူတို့ကတော့ သူတော်ကောင်းကြီးတွေပေါ့။ ကျန်တဲ့သူတွေကတော့ အကြမ်းဖက်နေတယ်ဆိုတဲ့ အသွင်ကို လက်ရှိအဖြစ်အပျက်နဲ့ လုံးဝဆန့်ကျင်စွာ ပုံဖော်ပြီးတော့ သူတို့တတ်နိုင်သမျှ နည်းလမ်း၊လမ်း ကြောင်းတွေကနေ ပြောနေတဲ့ကိစ္စတွေက ရိုးနေပြီ ဖြစ်ပါတယ်ဗျ” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ NUG နဲ့ ဆက်နွယ်တဲ့ PDF အဖွဲ့တွေဟာ စာသင်ကျောင်းတွေကို တိုက်ခိုက်ဖျက် ဆီးတာ၊ ဆရာ/ဆရာမတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တဲ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံ တကာအဖွဲအစည်းတွေက ဥပဒေအရ တားမြစ်ထားတဲ့ စာသင်ကျောင်းတွေကို စစ်ရေးအရ အသုံးပြုတာကိုလည်း တွေ့ရှိရတယ်လို့ ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ကသာမြို့နယ်၊ မိုးတားလေးကျေးရွာရှိ အထက (မိုးတားလေး) စာသင်ကျောင်းအတွင်းမှာ KIA နဲ့ PDF တပ်ဖွဲ့တွေ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ စာသင် ကျောင်းဝန်းအတွင်း စစ်စခန်းလို သဲအိတ်ဘန်ကာတွေနဲ့ ကတုတ်ကျင်းတွေ ပြုလုပ်ထားတာကို တွေ့ရှိရတယ်လို့ စစ်ကောင်စီက ဓာတ်ပုံနဲ့တကွ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ KIO ဗဟိုကော်မတီရဲ့ မူအရ စာသင်ကျောင်းတွေမှာ တည်းခိုဖို့နဲ့ ဘန်ကာတွေလုပ်ဖို့ ခွင့်ပြုချက်မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အသေးစိတ်က ဘာမှမှတ်ချက်ပေးစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသဘက်ကိုလည်း ကျွန်တော်က သတင်းနည်းနည်း အဆက်အသွယ်မရဘူးဖြစ်နေတာ။ နောက်ကျွန်တော်တို့ KIO ဗဟိုကော်မတီရဲ့ မူပေါ်လစီနဲ့ ပြောမယ်ဆိုရင် စာသင်ကျောင်းတို့၊ ဘုရားကျောင်းတို့မှာ တည်းခိုဖို့ ကျွန် တော်တို့ ခွင့်ပြုချက်မရှိဘူး။ ဘန်ကာတွေလုပ်ထားဖို့ဆိုတာလည်း ကျွန်တော်တို့အတွက် မရှိဘူး။ ဒါပေမယ့် တစ်ခုရှိတာက အခုကတော့ ပြည်သူလူထုတွေလည်း စာသင်ကျောင်းတွေကလည်း အာလုံးက စကစရဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့ သူတို့ဘာသာသူတို့ ကတုတ်ကျင်းတွေ တူးတာတွေ၊ ဘန်ကာတွေလုပ်တာတော့ အားလုံးရှိမှာပါ။ အဲဒါကို စကစဘက်က ကျွန်တော်တို့ KIO/KIA တွေကို စွပ်စွဲတာလည်း ဖြစ်နိုင်တယ်”လို့ သူက ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ပူးပေါင်းပြီး ကချင် ပြည်နယ် အပါအဝင် စစ်ကိုင်းတိုင်းက နယ်မြေတစ်ချို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲအစည်းတွေနဲ့ ဖွဲစည်းထားတဲ့ Global Coalition to Protect Education from Attack (GCPEA) အဖွဲအစည်းရဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း စာသင်ကျောင်းတွေနဲ့တက္ကသိုလ်တွေကို စစ်ရေးအရ အသုံးပြုခြင်းကနေ ကာကွယ်ဖို့ လမ်းညွန်ချက်မှာတော့ ပညာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေကို စစ်ရေးရည် ရွယ်ချက်အတွက် အသုံးချခွင့်မရှိကြောင်း တားမြစ်ထားတာပါ။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ကနေ ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းမှာ စာသင်နေတဲ့ ကလေးသူငယ် ၆ ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့ရတာပါ။

BNI- Myanmar Peace Monitor ရဲ့ ကောက်ယူထားတဲ့အချက်အလက်တွေအရ စစ်ကောင်စီက အရပ်သား တွေ နေထိုင်ရာ ရပ်ရွာတွေ၊ စာသင်ကျောင်းနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာ တွေ အများဆုံးတွေ့ရှိရတယ်လို့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ အခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ အရပ်သား နေထိုင်တဲ့ ရပ်ရွာတွေ၊ PDF တပ်ဖွဲ့တွေရဲ့လှုပ်ရှားနယ်မြေတွေနဲ့ ERO တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရက်ပေါင်း ၂၅၈ ရက်အထိရှိခဲ့တယ်လို့ BNI- Myanmar Peace Monitor က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.