မော်လမြိုင် – ဖေဖော်ဝါရီ(၁၆)
အမေရိကန် နာမည်ကျော်အဆိုတော် ရီဟားနားအနေနဲ့ ကျောက်မျက်ရောင်းချမှု ပိတ်ပင်ခြင်းမှာ ပါဝင်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သင့်တယ်လို့ Justice For Myanmar အဖွဲ့က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့က အမေရိကန်နိုင်ငံအရီဇိုးနားပြည်နယ်မှာ ပြုလုပ်တဲ့ Super Bowl အမေရိကန်ဘောလုံးပြိုင်ပွဲရဲ့ဖျော်ဖြေပွဲမှာဒေါ်လာ(၁) သန်းတန်မြန်မာ့ပတ္တမြားလက်စွပ် ဝတ်ဆင်ပြီး အဆိုတော်ရီဟားနားကဖျော်ဖြေခဲ့တာပါ။
အဲဒီပတ္တမြားဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် Bayco Jewels ကုမ္ပဏီဆီကနေ အဆိုတော်ရီဟားနား ဝယ်ယူထားတဲ့ (၁၉.၄၇) ကာရက်ရှိတဲ့ ပတ္တမြားဖြစ်တယ်လို့ Justice For Myanmar က ဆိုထားပါတယ်။
Bayco Jewels ကုမ္ပဏီဟာ Moris နဲ့ Giacomo Hadjibay တို့ညီအကိုနှစ်ဦးပိုင် ဆိုင်ထားတဲ့ ကုမ္ပဏီ ဖြစ်ပြီး သူတို့ဟာ မြန်မာနိုင်ငံ မိုးကုတ်မြို့မှာ ပတ္တမြားနဲ့ နီလာတူးဖော်လုပ်ကိုင်နေသူ တွေဖြစ်ကာ သူတို့ရဲ့ ဝဘ်ဆိုက်မှာ ရောင်းချဖို့ ကြေညာထားတဲ့ ရတနာပစ္စည်းတွေကလည်း မြန်မာနိုင်ငံက ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့ကျောက်မျက်လုပ်ငန်းဟာ လက်တလောမှာ ပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီ အတွက် ဝင်ငွေရှာဖွေပေးနေတဲ့ လုပ်ငန်းတခုဖြစ်ပြီး မြန်မာကျောက်မျက်လုပ်ငန်း ကို အမေရိကန်က ပိတ်ဆို့ထားပေမယ့် ကျောက်မျက်ရောင်းဝယ်တင်သွင်းမှုကို ဆက်လက် ခွင့်ပြုထားတယ်လို့ Justice For Myanmar ကဆိုထားပါတယ်။
အဆိုတော်ရီဟားနားအနေနဲ့ မြန်မာပြည်က ကျောက်မျက်တွေ ဝယ်ယူတာမလုပ်ဘဲ ကျောက်မျက်ရောင်းဝယ်မှု ပိတ်ပင်တာကို ပူးပေါင်းပါဝင်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ တိုက်တွန်းတယ်လို့ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Justice For Myanmar