မော်လမြိုင် – ဖေဖော်ဝါရီ(၁၄)

အစိုးရအဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံရေးအမြော်အမြင်စူးရှထက်သန်မှုမှာလက်နက်ကိုင် တော်လှန် ရေး တပ်ကို ဦးဆောင်နိုင်တဲ့ အရည်အသွေးမျိုးဖြစ်အောင်တည်ဆောက်ထားကြရမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီ သမ္မတဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ (၁၄) ရက်မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၆) ကြိမ်မြောက် အစည်းအဝေးမှာ အခုလို ပြောခဲ့တာပါ။

“လူထုကို ခေါင်းဆောင်တဲ့သူတွေဟာ တော်ရုံ ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့ ရပ်တန့်နေလို့ မရပါဘူး။ ဒါ့အပြင် နိုင်ငံရေးအမြော်အမြင် စူးရှထက်သန်မှုမှာလည်း လက်နက်ကိုင်တော်လှန်ရေး တပ်ကို ဦးဆောင်နိုင်စွမ်းရှိတဲ့ အရည်အသွေးမျိုး ဖြစ်အောင် တည်ဆောက်ထားရပါလိမ့်မယ်။ ဒါမှသာလျှင် နိုင်ငံရေးအရ တပ်ဦးမှာ ခေါင်းဆောင်မှုကို အထင်အရှားပြနိုင်ပါလိမ့်မယ်” လို့ NUG ယာယီ သမ္မတ က ပြောခဲ့ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေး(၃) နှစ်တာ ကာလထဲကို ဝင်ရောက်လာမှုမှာ တိကျတဲ့ နိုင်ငံရေး ရလဒ် ထွက်အောင်ကြိုးစားကြဖို့ လိုအပ်ပြီး ယေဘုယျရှုမြင်ချက်တွေနဲ့ပဲ ရှေ့ဆက်လို့ မရသလို တိတိ ကျကျ ဆုပ်ကိုင်ပြလို့ရမယ့် နိုင်ငံရေး ရလဒ်တွေ ပြည်သူကို ပေးဝေဖို့ လိုနေပြီလို့ ပြောပါသေး တယ်။

နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲဆင်နွှဲဖို့ ပြည်တွင်းမှာ မဟာမိတ် ညီညွတ်ရေး အင်အားကို တည်ဆောင်ထားဖို့ လိုသလို အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် ကြိုးစားကြဖို့နဲ့ ပြည်တွင်းရေး ကိစ္စရပ်တွေဟာ ပထဝီနိုင်ငံရေးကိစ္စနဲ့လည်း တိုက်ရိုက်သက်ဆိုင် နေတယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။

NUG အစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ ဒုတိယဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.