နေပြည်တော်၊ ဖေဖော်ဝါရီ(၁၅)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP)နဲ့ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် နေပြည်တော်မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အခြေခံကျတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးကိစ္စရပ်တွေအတွက် နှစ်ဖက် အဆိုပြုချက်၊ လိုလားချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာလည်း ဒုတိယနေ့အဖြစ် ထပ်မံဆွေးနွေးသွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဒီဆွေးနွေးပွဲကို စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ(NMSP) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁၊ဇယား ၂ နဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊(၂) နဲ့ (၃)တို့ပါ သဘောတူညီချက်တွေကို စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ(NMSP)ကို မွန်နိုင်ငံရေးမှာ ပါဝင်တဲ့ မွန်အဖွဲ့အစည်း ၁၀ ဖွဲ့က နောက်တစ်ကြိမ် သွားရောက် ဆွေးနွေးတာ မလုပ်ဖို့ တောင်းဆိုထားတဲ့ ကြားကနေ စစ်ကောင်စီနဲ့ လေးကြိမ်တိုင် သွားရောက် ဆွေးနွေးထားတာပါ။

မွန်နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ မွန်အဖွဲ့အစည်း (၁၀) ဖွဲ့ကလည်း စစ်ကောင်စီပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အတုအယောင်သဘောသာဖြစ်ပြီး သူတို့ရဲ့ တရားဝင်မှု ရရှိဖို့နဲ့ နိုင်ငံရေးထွက်ပေါက် ရှာဖို့သာဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီ(NMSP) အနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ထပ်မံမပြုလုပ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ အိတ်ဖွင့်စာပေးပို့ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် စစ်ကောင်စီနဲ့ သွားရောက်ဆွေးနွေးရတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ(NMSP) တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ပြည်သစ်ပါတီ(NMSP) ဟာ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့က လားဟူဒီမိုကရစ်တစ်အစည်းအရုံး(LDU) နဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်မှုတိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.