ရန်ကုန် – ဖေဖော်ဝါရီ(၁၄)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) ကျောင်းသား ခေါင်းဆောင် ဟောင်း ကိုလင်းထက်နိုင်(ခ) ဂျိမ်းကို စစ်ကောင်စီက ထောင်ဒဏ်(၅) နှစ်ထပ်မံချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ကိုလင်းထက်နိုင်ကို စစ်ကောင်စီလက်အောက်ခံ ဗိုလ်တထောင်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(ခ)နဲ့ ထောင်ဒဏ်(၅) နှစ်ထပ်မံချမှတ်လိုက်တာပါ။

ထောင်ဒဏ်ထပ်မံချမှတ်ခံလိုက်ရတဲ့ အမှုဟာ ပုဒ်မ ၅၀(ည) နဲ့ မူလက တရားစွဲထားပြီးနောက် ပုဒ်မ ပြန်ပြောင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ(၇) ရက်နေ့ကလည်း အင်းစိန်ထောင်တွင်း တရားရုံးက ကိုလင်းထက်နိုင် ကို ရာဇသတ်ကြီးဥပဒေပုဒ်မ၅၀၅(က) နဲ့ ထောင်ဒဏ်(၃) နှစ်ချမှတ်ထားတဲ့အတွက် စုစုပေါင်း ထောင်ဒဏ်(၈) နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပါတယ်။

ကိုလင်းထက်နိုင်ကို စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပြစ်မှုကျူးလွန်ထားတာမရှိဘဲ ၂၀၂၁ ခုနှစ် မတ်လမှာ စစ်ကောင်စီက အမှုဖွင့်ဝရမ်းထုတ်ပြီးနောက်၂၀၂၂ ခုနှစ်ဇွန်လမှာတော့ဗိုလ်တထောင် မြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံရေးဖိနှိပ်တဲ့ ပုဒ်မဟောင်းအပြင် အကြမ်းဖက်ပုဒ်မ အမှုနဲ့ပါ မတရားဖမ်းဆီးအမှုဆင် ထောင်ချခြင်း ဖြစ်ပါတယ်”လို့ ကိုလင်းထက်အောင်ရဲ့ ဇနီးဖြစ်သူ ကသူ့ရဲ့လူမှုကွန်ရက်စာမျက် နှာမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလက အင်းစိန်ထောင်၊ ထောင်ဝင်စာဌာန ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ ကိုလင်းထက်နိုင်ကို ထောင်ဝင်စာလာပို့တဲ့ မိခင်ဖြစ်သူ သေဆုံးခဲ့ရပြီး စစ်ကောင်စီ ကနာရေးသွားပို့ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ပုံအဟောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.